Homeသတင်းမွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေး

မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေး

-

မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေးသဖြင့် ဆီဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်ကြောင်း  လောင်စာဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး အချက်အလက်များအရ သိရသည်။

ယခု ဇွန်လပထမအပတ်တွင်လည်း မွန်ပြည်နယ်၏  92 Ron ဓာတ်ဆီဈေး တစ်လီတာသည် ရန်ကုန်တိုင်းထက် ၂၆၀ ကျပ်၊ ဘားအံထက် ၁၅၀ ကျပ်၊ ပဲခူးထက် ၂၄၅ ကျပ်နှင့် ထားဝယ်ထက် ၇၅ ကျပ် ပိုများနေပြီး 95 Ron ဓာတ်ဆီမှာလည်း အနီးဝန်းကျင်ဒေသများထက် ပိုမြင့်နေကြောင်း သိရသည်။

ဒီဇယ်ဆီဈေးနှုန်းများလည်း အလားတူ မြင့်မားနေပြီး မွန်တွင် ဒီဇယ်တစ်လီတာကို ၅,၁၆၀ ကျပ် သတ်မှတ်ထားကာ ရန်ကုန်ထက် ၅၆၅ ကျပ်အထိ ပိုများနေသည်။

“မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးက အခြားဒေသတွေထက် ပိုများနေတာ လတိုင်းလိုလို တွေ့နေရတယ်။ အစိုးရအဖွဲ့ ပြောင်းသွားပေမယ့်လည်း အခြားဒေသတွေနဲ့ တန်းတူဖြစ်လာအောင် အခုထိ မဖြေရှင်းနိုင်သေးဘူး” ဟု မော်လမြိုင်မြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်ရှိ လောင်စာဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးရောင်းချသူများအသင်း၏ အဆိုအရ မွန်ပြည်နယ်သို့ စက်သုံးဆီတင်သွင်းသူများသည် ရန်ကုန်တိုင်း သီလဝါဆိပ်ကမ်းမှ တင်သွင်းသူများကဲ့သို့ အစိုးရထံမှ အမေရိကန်ဒေါ်လာ တိုက်ရိုက်ရရှိခြင်းမရှိဘဲ ကိုယ်ပိုင်နိုင်ငံခြားငွေဖြင့် ဝယ်ယူတင်သွင်းနေရသည်ဟု ဆိုသည်။

ထို့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ဒေါ်လာဈေးအပြောင်းအလဲများကြောင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းသည် အခြားဒေသများထက် ကွာခြားမှုရှိနေကြောင်းလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်း မြင့်မားနေမှုကြောင့် မွန်ဒေသတွင်း ကုန်စည်ဈေးနှုန်းနှင့် နေ့စဉ်လူနေမှုစရိတ်များအပေါ် ဆက်လက်သက်ရောက်နေသည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စက်သုံးဆီဈေးမြင့်တက်မှုကို မသိချင်ယောင်ဆောင်နေကြကြောင်းနှင့် စက်သုံးဆီဈေးနှုန်းကို အခြားတိုင်းဒေသကြီးများနှင့် တန်းတူဖြစ်စေလိုကြောင်းလည်း အခြားမြို့ခံတစ်ဦးက ပြောသည်။

“လာမယ့် ပြည်နယ်လွှတ်တာ်အစည်းအဝေးမှာ မွန်ပြည်နယ်မှာ စက်သုံးဆီရည်ညွန်းဈေးနှုန်းများနေတာကို လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းတာမျိုး မျှော်လင့်မိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင် စစ်ကော်မရှင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်ကပင် Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေဆဲဖြစ်ပြီး မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ  Puma International Port Terminal ဆိပ်ကမ်းမှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

သို့သော် Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်၊ စွမ်းမြန်မာနှင့် မိဘမေတ္တာမှ ဆီလုပ်ငန်းရှင်များ တရားမဝင် စက်သုံးဆီ တင်သွင်းရောင်းချသည့် ကိစ္စဖြင့် ယနေ့အထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts