ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၅ ဦးအထိ ရှိလာကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် အင်းအားပြင်းပေါက်ကွဲမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ကလေးအပါအဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၅ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော် အထိ ရှိနေသည်ဟု TWO က ဆိုသည်။
ယနေ့နံနက်ပိုင်းအထိ နမ့်ခမ်းဆေးရုံသို့ သေဆုံးရုပ်အလောင်းများ ရောက်ရှိနေသလို ဆေးကုသရင်း သေဆုံးမှုများလည်း ရှိနေကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။

“သေဆုံးမှုအခြေအနေက သိပ်မသိဘူး။ ဒီမနက်ကြားတာတော့ ဆေးရုံမှာ ကယ်ဆယ်ရေးအဖွဲ့တွေ လာပို့ထားတာတော့ ၄၆ ယောက်ရှိတယ်လို့ ပြောတယ်။ တချို့ပြောတာကတော့ လာကုတဲ့သူတွေလည်း သေဆုံးတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ တော်တော်များတယ်။ ဒဏ်ရာရတဲ့သူလည်း ရာဂဏန်းရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။
မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကောင်းတပ်ကျေးရွာနေ ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း TNLA က မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်းနေကြောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ယမ်းပျော့များသည် TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ပစ္စည်းများဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ကောင်းတပ်ကျေးရွာသည် နမ့်ခမ်းမြို့နှင့် တစ်မိုင်ခန့် ကွာဝေးပြီး TNLA ၏ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် နမ့်ခမ်းတစ်မြို့လုံး တုန်ခါသွားပြီး မြို့အတွင်းနေအိမ် မှန်များ ကွဲသွားသည်အထိ ပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။
ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ၁၃ ပေခန့်အနက်ရှိသည့် ချိုင့်ကြီးဖြစ်ပေါ်ခဲ့ပြီး မီတာ ၁၀၀ ပတ်လည်ရှိ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ရသဖြင့် ယမ်းပျော့အမျိုးအစား ပေါက်ကွဲမှု မဖြစ်နိုင်ကြောင်းလည်း အထက်ပါ နမ့်ခမ်းမြို့ခံတစ်ဦးက ဆက်ပြောသည်။
“ ဘောလုံးကွင်း တစ်ကွင်းစာလောက်ကို ပြောင်သွားတယ်လို့ ပြောတယ်။ ယမ်းအားကတော့ ယမ်းပျော့လို့ပြောတယ်။ ဒါပေမဲ့အခု ဖြစ်ပျက်ခဲ့တဲ့နေရာရဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ယမ်းပျော့တော့ မဖြစ်နိုင်ဘူး။ ချိုင့်ကြီးက ၁၃ ပေလောက် နက်တယ်၊ နောက်ပြီးတော့ အကျယ်အဝန်းက မီတာ ၁၀၀ လောက်ရှိတယ်တဲ့။ သွားကြည့်တဲ့သူတွေ တွေ့တာကတော့ ဓာတုဆေးဝါး ဖုံးတဲ့ မျက်နှာဖုံးတွေပေါ့၊ မျက်မှန်တွေ ဘာတွေလည်း ပြန့်ကျဲတယ်လို့ပြောတယ်” ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်များကို ဆောင်ရွက်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဒေသခံနှင့်ကူညီကယ်ဆယ်နေသူများ၏ ပြောပြချက်အရ ကူညီကယ်ဆယ်မှု မပြီးဆုံးသေးသဖြင့် ဒဏ်ရာရရှိသေဆုံးသူ ထပ်တိုးလာနိုင်ကြောင်းလည်း ဆိုသည်။



