Homeသတင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် ကော့ကရိတ်ဒေသခံများကို စစ်တပ်မှ ဝါဒဖြန့်ပြောဆို

တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် ကော့ကရိတ်ဒေသခံများကို စစ်တပ်မှ ဝါဒဖြန့်ပြောဆို

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသည့် စစ်ကော်မရှင်အဖွဲ့များက တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ပူးပေါင်းမှုလုပ်ဆောင်ရန် ကော့ကရိတ်ဒေသခံများအား ဝါဒဖြန့်ပြောဆိုမှု လုပ်ဆောင်နေကြောင်း သိရသည်။

မေလလယ်ပိုင်းကစပြီး ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်းဒေသများသို့ စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နေရပ်ပြန်လာသူများကို လုံခြုံရေးပေးနိုင်ရန်ဟုဆိုပြီး စစ်တပ်အဖွဲ့၊ BGF နှင့် DKBA တပ်ဖွဲ့ဝင်တို့က ကျေးရွာများတွင် ပူးပေါင်းတပ်စွဲလျှက်ရှိသည်။

ရွာသူရွာသားများအား မိမိတို့သားသမီးနှင့် ဆွေမျိုးများ တော်လှန်ရေးအဖွဲ့ အစည်းတွင် ပါဝင်နေပါက လာရောက်အလင်းဝင်ကြပါရန် နောက်နောင်တွင် စစ်တပ်အနေဖြင့် ပစ်ခတ်ရှင်းလင်းမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားကြောင်း ကော့ကရိတ် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“ ဝါဒဖြန့်နေတဲ့သဘောမျိုးနဲ့ပဲ လိုက်ပြောနေတာ။ ဒါပေမဲ့ အခုထိတော့ ဒီဘက်တော်လှန်ရေးအဖွဲ့က သူတို့ဆီမှာ အလင်းဝင်လက်နက်ချတာက မရှိနေဘူး။ ကျနော်တို့က တော်လှန်ရေးကို ဘယ်အချိန်ဖြစ်ဖြစ်၊ ပြီးတဲ့အထိ ဆက်သွားမယ်လို့ ဆုံးဖြတ်ထားတာ ရယ်၊ တော်လှန်ရေးအပေါ် သစ္စာမဖောက်ချင်တဲ့အတွက် အားတင်းပြီး ရှေ့ဆက်ဖို့ပဲ ကြိုးစားနေကြတယ် ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ဝါဒဖြန့်ခြင်းအပြင် ရွာအဝင်အထွက်နေရာများနှင့် စာသင်ကျောင်းအနီးတစ်ဝိုက်နေရာများတွင် စစ်ကော်မရှင် အဖွဲ့တို့က တပ်စွဲနေထိုင်နေကြပြီး လက်နက်ကြီး၊ ဒရုန်းဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်းနေကြကြောင်း ဆိုသည်။

ကျေးရွာပြန်လည်ထူထောင်ရေးကိစ္စများ သိသိသာသာလုပ်ဆောင်ခြင်းမရှိသော်လည်း စစ်အင်အားဖြည့်တင်းမှုများ အလွန်အကျွံလုပ်ဆောင်နေသည်။

ဒေသခံတစ်ဦးက “ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ အကြောင်းပြပြီး နေရာတော်တော်များများမှာ အင်အားဖြည့်လာတာ ရှိတယ်။ လုံခြုံရေးတွေ တိုးမြှင့်တာ၊ ပြင်ဆင်နေတာ တွေ့ရတယ်။ သူတို့ပြောတာကတော့ နေရပ်ပြန်လာသူနဲ့ စာသင်ကျောင်းတွေ ဖွင့်နိုင်ဖို့ လုံခြုံရေးပေးတဲ့သဘောသာ ဖြစ်တယ်လို့၊ မကြောက်ကြဖို့ ပြောတာပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် မေလ ဒုတိယအပတ်က ထီးဖိုးစံကျေးရွာဘက်ကို ဝင်ရောက်တပ်စွဲရေး စစ်ကော်မရှင်အဖွဲ့က ကြိုးပမ်းလာသည့်အတွက် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ခြင်းများလည်း ရှိနေကြောင်း ဆိုသည်။

ကော့ကရိတ်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များကို ရှင်းလင်းနိုင်ရေး စစ်ကော်မရှင်က အင်အားသုံးပြီး နည်းလမ်းမျိုးစုံဖြင့် မကြာခဏ နှိမ်းနင်းနေသော်လည်း ယခုချိန်အထိ မအောင်မြင်နိုင်သေးပေ။

ထိုပြင် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တော်လှန်ရေးလက် နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း လာရောက်အလင်းဝင်ကြရန်နှင့် သတ်မှတ်ရက်အတွင်း မဝင်ရောက်လာပါက စစ်ရေးအရ ဖိအားပေးသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

၎င်းအပြင် ကော့ကရိတ်မြို့တွင် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့မှ  ထောက်ပံ့ကြေး အနည်းငယ်ပေးဆောင်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် အတင်းဖိအားပေးနေမှုကြောင့် အခက်တွေ့နေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts