မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လတ်တလော လက်သည်မပေါ် သတ်ဖြတ်ခံရမှုဖြစ်စဉ်ခပ်စိပ်စိပ် ဖြစ်ပေါ်နေပြီး ဒေသတွင်း ပဋိပက္ခများဆက်လက် ဖြစ်ပွားနေသ၍ ယခုကဲ့သို့သော သတ်ဖြတ်ခံရမှုများ ဆက်ကြုံနေရဦးမည်ဟု ဒေသခံတို့က ပြောသည်။
မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က ထင်းရူးကျေးရွာ သံဖြူဇရပ် – ကရုပိ္ပ – ထင်းရူး – အနင်းကားလမ်းဘေး ရော်ဘာခြံအစပ်တွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရပြီး ထိုအမျိုးသားနှစ်ဦးသည် MPT တာဝါတိုင်ပြင်သူများဖြစ်သည်။
အလားတူ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး သံဖြူဇရပ် – ရေးကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျှက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ပဲခူးတိုင်းမှဖြစ်ပြီး သံဖြူဇရပ်မြို့နယ်ဘက် အိမ်တိုင်ရာရောက် ရေနံချေးလိုက်တုပ်သူများဖြစ်သည်။
အထက်ပါ သတ်ဖြတ်ခံရမှုဖြစ်စဉ် နှစ်ခုစလုံးသည် မည်သည့် အကြောင်းကြောင့် သတ်ဖြတ်ခံရသည်ကို မသိရှိနိုင်သလို တရားခံကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သတ်ဖြတ်မှုဖြစ်စဉ်များသည် သမာရိုးကျပုံစံမဟုတ်သဖြင့် ဒေသခံပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝအတွက် ထိတ်လန့်စရာဖြစ်နေသည်။

“လက်နက်ကိုင်များလေ ပိုမလုံခြုံလေပဲ ပြည်သူတွေကပဲ အထိနာတယ်။ ဘယ်အဖွဲ့ကမှလည်း လုံခြုံရေး မပေးနိုင်ဘူး။” ဟု သံဖြူဇရပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
သံဖြူဇရပ်မြို့နယ်အတွင်းက လူသတ်ပြီး အလောင်းစွန့်ပစ်ထားသည့်ဖြစ်စဉ်များသည် လက်နက်ကိုင်အဖွဲ့အစည်းတို့၏ လက်ချက်ဟု ထင်ကြေးပေးကြသည်ရှိသလို အချို့ကလည်း ယခု သတ်ဖြတ်ခံရသူများသည် အခြားဒေသမှ လာရောက်ပြီး လိမ်လည်မှု၊ ခိုးယူမှုများ ကျူးလွန်ကာ ဒေသခံတို့နှင့် အဆင်မပြေရာကနေ ယခုလို သတ်ဖြတ်ခံရသည်လည်း ဖြစ်နိုင်သည်ဟု ယူဆနေသူများလည်း ရှိသည်။
မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းလုပ်ရပ်များကို လူ့အခွင့်အရေးရှု့တောင့်က ကြည့်လျှင် လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“တရားမဲ့သတ်ဖြတ်မှုကို အစဉ်အမြဲရှုတ်ချတယ်။ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ကိစ္စက စိုးရိမ်တာထက် ပိုတယ်။ ဘယ်သူက ကျူးလွန်ထားလဲဆိုတာ အတည်ပြုနိုင်ခြင်းမရှိပေမဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရဆိုရင် အရပ်သားတွေကို သတ်ဖြတ်ခြင်းသည် ကြီးလေးတဲ့ ကိစ္စဖြစ်တယ်။ သတ်ဖြတ်ရတဲ့အထိ လုပ်လို့မရဘူး။ သူတို့ရဲ့ ယုံကြည်ချက်အရ တစ်ဖက်ဖက်မှာ ပါဝင်နေမယ်ဆိုရင် ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေ နိုင်ငံတကာ လူသားချင်းစာနာမှု အဝန်းအဝိုင်းအောက်မှာပဲ တာဝန်ယူရမယ်။ တာဝန်ခံရမယ်။” ဟု ၎င်းက ပြောသည်။
သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှု ရရန်လိုအပ်သည်ဟုလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာက ဆက်ပြောသည်။
သတ်ဖြတ်ခံရမှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည့် သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်၊ စစ်တပ်လက်အောက်ခံ ရဲ၊ ပြည်သူ့စစ်၊ လက်နက်ချအလင်းဝင်ထားသည့် အဖွဲ့အစည်းများအပြင် အပစ်ရပ် မွန်ပြည်သစ်ပါတီ၊ မွန်ပြည်သစ်ပါတီ NMSP AD၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့် BGF၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အစရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ သွားလာလှုပ်ရှားနေသည်။
ထိုသို့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ သွားလာလှုပ်ရှားနေသည့်ဒေသတွင် လူသတ်ပြီး အလောင်းစွန့်ပစ်မှု ဆက်တိုက်ဖြစ်ပွားနေသော်လည်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကမှ တာဝန်ယူ ဖြေရှင်းပေးတာမရှိသလို အဆိုပါဖြစ်စဉ်အပေါ်လည်း နှုတ်ဆိတ်နေကြသည်။
သံဖြူဇရပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သတ်ဖြတ်ခံရမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ NMSP-AD ကို IMNA ၏ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စကို ၎င်းတို့အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ယခုလိုဖြစ်စဉ်များ ဖြစ်ပွားနေခြင်းသည် တော်လှန်ရေးအတွက် ထိခိုက်စေသည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်စကားက ပြောသည်။
“တပ်ကနေရရှိထားတဲ့ အစီအရင်ခံစာအရတော့ ကျနော်တို့ အဖွဲ့လုပ်တာမဟုတ်ဘူး။ ဘယ်သူလုပ်ထားသလဲဆိုတာကိုတော့ စုံစမ်းနေတုန်းပါပဲ။ အဲဒေသမှာ ကျနော်တို့အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ဘူး ရှိနေတာက။ ဒီကိစ္စတွေ ဖြစ်နေတာက တော်လှန်ရေးအတွက် ထိခိုက်တာတွေ ဖြစ်စေတာပဲ။” ဟု ၎င်းက ပြောသည်။
ဒေသတွင်း တရားဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအပြင် ဒေသတွင်း ပြောင်းရွှေ့ အလုပ်လာလုပ်ကြသူများအတွက် လုံခြုံမှုရေး စိုးရိမ်နေရသည့်အနေအထားဖြစ်သည်။
ဒေသခံတို့ကလည်း နယ်ခံမဟုတ်သည့် ဒေသတွင်း လာရောက်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နယ်မြေလုံခြုံရေးအရ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံကတ်ပြား ကိုင်ဆောင်ထားကြရန်လိုအပ်ပြီး၊ အသွားအလာ အထူးသတိပြုရန် လိုအပ်သည်ဟု တိုက်တွန်းနှိုးဆော်ကြသည်။
လူသတ်ပြီး အလောင်းစွန်းမှု ဆက်တိုက်ဖြစ်ပွားနေသည့် အခြေအနေသည် သာမန်ရာဇဝတ်မှုအဆင့်ထက် ကျော်လွန်နေပြီ ဒါဟာ တရားဥပဒေစိုးမိုးရေး ယန္တရား ပျက်စီးသွားခြင်း၏ ဆိုးကျိုးကို အရပ်သား ပြည်သူများက ၎င်းတို့၏ အသက်များဖြင့် ပေးဆပ်နေရခြင်းပင် ဖြစ်သည်။ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အရေးတကြီး အဖြေရှာရန် လိုအပ်နေပြီ ဖြစ်သည်။




