Homeသတင်းနွေရာသီမွန်စာပေ ထူးချွန်ဆုရသူများအား ဂုဏ်ပြုမည့်အစီအစဉ်တွင်ပါဝင်ရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဖိတ်ခေါ်

နွေရာသီမွန်စာပေ ထူးချွန်ဆုရသူများအား ဂုဏ်ပြုမည့်အစီအစဉ်တွင်ပါဝင်ရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဖိတ်ခေါ်

-

မွန်စာပေထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်မည့် အစီအစဉ်တွင် ဒေသအသီးသီးရှိ အလှုရှင်များပါဝင်ရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့သာသနာ ၂၅၀၀ ကျောင်း၌ လာမည့် မေလ ၂၁ ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မေလ ၃၁ ရက်နေ့တွင် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအာ ဆုချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မွန်သမိုင်းတန်းတစ်တန်းလျှင် အထူးဆု ၅ ဆုနှုန်းချီးမြှင့်ရန် စီစဉ်ထားပြီး သမိုင်းတန်းအားလုံး အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၂ ဦးကိုလည်း ဘွဲ့ဝတ်စုံဖြင့် ဂုဏ်ပြုဆုချီးမြှင့်ပေးသွားရန် ရှိသည်။

ထိုကြောင့် မွန်ဒေသခံပြည်သူများ မွန်စာပေ ရေရှည်တိုးတက်မြင့်မားရေးအတွက် အထူးဆုတစ်ဆုချင်းဖြစ်စေ၊ တစ်တန်းချင်းဖြစ်စေ၊ သမိုင်းတန်းပြီးဆုံးသူများအတွက် ဂုဏ်ပြုဆုအစီအစဉ်တွင်ဖြစ်စေ ပါဝင်နိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတစ်ဦးက IMNA သို့ တိုက်တွန်းပြောကြားခဲ့သည်။

“မွန်လူမျိုးတွေရဲ့ စာပေနဲ့ယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးမှုကြောင့် မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ၂၇ နှစ်အထိ ရပ်တည်နိုင်ခဲ့တာပေါ့။ မွန်ပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုကြောင့်လည်း အခုလို ဆောင်ရွက်နိုင်ခဲ့တာပေါ့လေ။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ ဝိုင်းဝန်းကူညီထောက်ပံ့ ပေးစေချင်တယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ကျောင်းသားဦးရေးက များလာတယ်။ ဒါကြောင့် ကူညီထောက်ပံ့မှုအပိုင်းကလည်း လိုအပ်ချက် များတယ်။ ဒါကြောင့် အတူတကွ ဝိုင်းဝန်းကြပါလို့ ဖိတ်ခေါ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အထူးဆုချီးမြှင့်မည့် အစီအစဉ်တွင် ပထမဆု ၁၅၀,၀၀၀ ကျပ်၊ ဒုတိယဆု ၁၃၀,၀၀၀ ကျပ်၊ တတိယဆု ၁၁၀,၀၀၀ ကျပ်၊ နှစ်သိမ့်ဆု ၂ ဆုတွင် ၂၀၀,၀၀၀ကျပ်နှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်သဖြင့် မွန်သမိုင်းအတန်း ၇ တန်းလုံးအတွက် စုစုပေါင်းငွေကြေးတန်းဖိုး သိန်း ၄၀ အသုံးပြုရန်လိုအပ်သည် ဆိုသည်။

၄င်းအပြင် သမိုင်းတန်းပြီးဆုံးပြီး ဘွဲ့ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားတစ်ဦးလျှင် ၆၀၀၀၀ ကျပ်ဖြင့် ဆုချီးမြှင့်သွားမည် ဖြစ်သည့်အတွက် ငွေကြေးတန်ဖိုး ၈၅၀၀,၀၀၀ ကျပ် ကုန်ကျခံသွားမည်ဖြစ်သည်။

မြို့နယ်အဆင့်မွန်စာပေနှင့် ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ တွင် သူငယ်တန်းမှ သမိုင်းတန်းအထိ ၁၂ တန်းကို သင်ကြားပို့ချပေးသော်လည်း သမိုင်းတန်းများကသာ မွန်ဒေသလုံး ဆိုင်ရာမွန်စာပေစားမေးပွဲကို ဝင်ရောက်ဖြေဆိုရန် သတ်မှတ်ထားသည်။

လွန်ခဲ့သည့် သက္ကရာဇ် ၁၃၆၀ ခုနှစ်က မွန်သံဃာတော်များနှင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များ ပူးပေါင်းဦးဆောင်ပြီး မြို့နယ် ၆ မြို့နယ်ဖြင့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ထိုင်းနှင့် မလေးရှားနိုင်ငံအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်အထိ ပူးပေါင်းပါဝင်လာပြီး မွန်စာပေသင်ကြားရေးတွင် အင်အားအတောင့်ဆုံးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts