Homeသတင်းနေရပ်ပြန်ရေလုပ်သားများကို ရေးပြည်သူ့စစ်နှင့်စစ်တပ်အဖွဲ့က စောင့်ဆိုင်းဖမ်းဆီး

နေရပ်ပြန်ရေလုပ်သားများကို ရေးပြည်သူ့စစ်နှင့်စစ်တပ်အဖွဲ့က စောင့်ဆိုင်းဖမ်းဆီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့်  နေရပ်ပြန်လာစဉ် စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့မှ လမ်းခရီးတွင် စောင့်ဆိုင်း၍ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ငါးဖမ်းလုပ်ငန်းရပ်နားသည့်ကာလဖြစ်သဖြင့် ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားများ မေလပထမအပတ်မှစ၍  အဖွဲ့လိုက်နေရပ်ပြန်လျှက်ရှိပြီး အဆိုပါရေလုပ်သားများအား  ရေးမြို့အဝင်အတွက် စစ်ဆေးရေးဂိတ်၊ မြို့ဟောင်းဂိတ်နှင့် မွေးမြူရေးဇုန်ဂိတ်ရှိ စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့များက စောင့်ဆိုင်းဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

၁၀ မျဉ်းစောင်းမှတ်ပုံတင်မဟုတ်သည့် ရေလုပ်သားများ ငွေကျပ်သောင်းဂဏန်းပေးဆောင်ရပြီး မှတ်ပုံတင်မရှိသည့်ရေးလုပ်သားများ သိန်းဂဏန်းအထိပေးဆောင်ရသည့်အပြင် ဖမ်းဆီးခံရသူများလည်းရှိကြောင်း အစင်းဒေသခံတစ်ဦးက ဆိုသည်။

"ဒေသခံတွေကိုတော့ သဘောလောက်ပဲစစ်ပါတယ်။ အထူးသဖြင့် နယ်မြေခံမဟုတ်တဲ့ ရေလုပ်သားတွေကိုတော့ အဓိကထားပြီးစစ်ဆေးပါတယ်။ အဲနေရာက ရွှေ့ပြောင်းလုပ်သား ဧရာဝတီသားတွေများတဲ့နေရာပါ အခုချိန်က ရေလုပ်ငန်းသိမ်းတဲ့အချိန် ပင်လယ်သားတွေ ကမ်းပေါ်တက်တဲ့အချိန်ဆိုတော့ သူတို့အကြိုက်တွေ့နေကြတာပါ ” ဟု ၎င်းကပြောသည်။

ရေးမြို့နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ကိုင်သူ အများစုသည် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး ပွဲစားမှတစ်ဆင့် အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်ကျေးရွာရှိ ပင်လယ်လုပ်ငန်းများတွင် နှစ်စဉ်လာရောက်လုပ်ကိုင်နေကြသည်။

လက်ရှိတွင် မှတ်ပုံတင်မရှိသည့် ရေလုပ်သားမိသားစုများ နေရပ်မပြန်ရဲသဖြင့် လုပ်ငန်းရပ်နားထားစဉ် စားဝတ်နေရေးကိစ္စအတွက် အခက်အခဲရှိနိုင်ကြောင်းလည်း ရေလုပ်သားတစ်ဦးက ပြောသည်။

“သူဌေးခွင့်ပြုချက်မရသေဘဲ စောစီးပြန်သွားတဲ့သူတွေဆို ဘယ်လိုဖြစ်နေမလဲတောင်သိဘူး၊ အခုစစ်သားတွေက ရမှန်းသိလို့ နေ့တိုင်းလိုလိုစောင့်တယ် ။တစ်နေကုန်ပဲ ဧရာဝတီသား ဟိုတောကျတဲ့နေရာ ကမ်းနှဖူးဘက်က မှတ်ပုံတင် မရှိတာများတယ်လေ ရွာလိုလည်းမဟုတ်ဘူး။ အခုနောက်ပိုင်းဆို လမိုင်းဘက်ခြမ်းဆိုထောက်ခံစာနဲ့မရဘူး ခေါ်ဖမ်းတယ် ရေးမြို့ကားသမားတွေတောင် မတင်ဘူး” ဟု ၎င်းကဆိုသည်။

ရေးမြို့နယ်ရှိ ရေလုပ်ငန်းရှင်များသည် နှစ်စဉ်သြဂုတ်လတွင် လုပ်သားများခေါ်ယူကာ စာချုပ်ချုပ်ဆိုခြင်းနှင့် လုပ်သားကတ်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး စက်တင်ဘာလတွင် လုပ်ငန်းများစတင်လုပ်ကိုင်လေ့ရှိသည်။

ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို နှစ်စဉ် မေ၊ဇွန်၊ ဇူလိုင်လတွင် ရပ်နားလေ့ရှိပြီး ယခုကဲ့သို့ အသွားအလာကန့်သတ်ထားသဖြင့် လာမည့်လုပ်ငန်းရာသီတွင် ရေလုပ်သားများရရှိရန် အခက်အခဲရှိနိုင်မည်ဟုလည်း ရေလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ရေးမြို့နယ်ရှိ ရေလုပ်သားများသည် ပွဲစားများထံ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူကုန်ကူခံရခြင်း၊ ညှင်းပန်းနှိပ်စက်၍စေခိုင်းခြင်းများကြောင့် လူသေဆုံးမှုများလည်း မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts