Homeသတင်းအီဘိုလာရောဂါ အရေးပေါ်အခြေအနေကြေညာပြီးနောက် ထိုင်းနိုင်ငံတွင် စောင့်ကြည့်မှုလုပ်ငန်းတိုးမြှင့်လုပ်ဆောင်

အီဘိုလာရောဂါ အရေးပေါ်အခြေအနေကြေညာပြီးနောက် ထိုင်းနိုင်ငံတွင် စောင့်ကြည့်မှုလုပ်ငန်းတိုးမြှင့်လုပ်ဆောင်

-

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် ယူဂန္ဓာနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် အီဘိုလာ (Ebola) ရောဂါကူးစက်မှုကို နိုင်ငံတကာအတွက် စိုးရိမ်စရာ အခြေအနေ (Public Health Emergency of International Concern _ PHEIC) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း  မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသည်။

ယင်းကြေညာချက်အပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နတ်ထပေါင် ဝေါင်ဝီဝတ် (Dr. Nutthapong Wongwiwat) က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေညာချက်နှင့်အညီ ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကုသရေးအသင့်အနေအထားများ ပြင်ဆင်ထားကြောင်း ပြောသည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံအတွင်း အီဘိုလာရောဂါ ကူးစက်မှုမတွေ့ရှိသေးသော်လည်း သံသယလူနာများတွေ့ရှိလာပါက သီးခြားခွဲထားကုသရေးအခန်းများ၊ ကာကွယ်ရေးဝတ်စုံများနှင့် ဓာတ်ခွဲခန်းစစ်ဆေးရေးစနစ်များကို အသင့်ပြင်ဆင်ထားကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီဘိုလာရောဂါသည် ပြင်းထန်သော ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူနာ၏ သွေး၊ တံတွေး၊ အန်ဖတ်၊ မစင်နှင့် အခြားခန္ဓာကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်ကြောင်း သိရသည်။ အထူးသဖြင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများနှင့် နီးကပ်စွာထိတွေ့သူများတွင် ကူးစက်မှုများ ဖြစ်ပွားလေ့ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကွန်ဂိုနိုင်ငံ၊ အီတူရီ ပြည်နယ်အတွင်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၆ ဦးအထိ ရှိပြီး၊ ၎င်းတို့အနက် သေဆုံးသူ ၈၀ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကွန်ဂိုနိုင်ငံရှိ အီတူရီနှင့် မြောက်ကီဗူးပြည်နယ်နှစ်ခုစလုံး၌ အီဘိုလာဗိုင်းရပ်စ် သံသယရှိ သူလူနာများကို ဆက်လက်ဖော်ထုတ်တွေ့ရှိနေရပြီး၊ သေဆုံးမှုများလည်း မြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုကူးစက်မှုမှာ ရှားပါးသည့် Bundibugyo virus (BDBV) ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ယင်းရောဂါအမျိုးအစားအတွက် အတည်ပြုထားသည့် ကာကွယ်ဆေးနှင့် တိကျသည့် ကုသဆေး မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးသတင်းအချက်အလက်များကို စောင့်ကြည့်ရန်နှင့် မလိုအပ်ဘဲ ထိတ်လန့်မှုဖြစ်စေသည့် သတင်းများ မျှဝေခြင်းမပြုရန် ထိုင်းကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

ကိုးကား-The Nation

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts