Thursday, May 14, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေးကားလမ်းမပေါ်တွင် အမျိုးသားသုံးဦးအလောင်း တွေ့ရှိ

    သံဖြူဇရပ်-ရေးကားလမ်းမပေါ်တွင် အမျိုးသားသုံးဦးအလောင်း တွေ့ရှိ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမကြီးပေါ်ရှိ မရှိခဏ ဘုန်းကြီးကျောင်းအနီးတွင် လက်ပြန်ကြိုတုပ်အနေအထားဖြင့် အသတ်ခံထားရသည့် အမျိုးသားသုံးဦး ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

    လူလတ်ပိုင်းအရွယ် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို ကားလမ်းမဘေးတွင် စုပုံပြီး၊ အလောင်းတွင် ညိုမဲစွဲဒဏ်ရာများ၊ သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း အနီးတွင်လည်း ရေနံချေးထည့်ထားသည့် ပုံးများနှင့် ဆေးဖြန်းပိုက်များ တွေ့ရှိရကြောင်း ဒေသတွင်း ပရဟိတအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ဝဲဟတာရွာ၊ မရှိခဏဘုရား မရောက်ခင် ကတ္တရားလမ်းဘေးမှာပဲ အလောင်းသုံးလောင်းက တစ်လောင်းနဲ့ တစ်လောင်း ထပ်ထားပြီး မှောက်လျက် ပစ်ထားတယ်။ အပေါ်ဆုံးက လက်ပါချည်ထားတယ်။” ဟု ၎င်းက ပြောသည်။

    သက်ဆိုင်ရာတို့၏ စစ်ဆေးချက်အရ အဆိုပါ အသတ်ခံရသူ အမျိုးသား ၃ ဦးတို့သည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်တုံရွာဟောင်းနှင့် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တို့မှ ဖြစ်ပြီး သံဖြူဇရပ်မြို့ပေါ်က တည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြသူများဖြစ်သည်။

    ၎င်းတို့သည် သံဖြူဇရပ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေနံချေး လိုက်သုတ်ပေးသူများဖြစ်သည်ဟု ဆိုသည်။

    “တည်းခိုခန်း တာဝန်ရှိသူတွေကို သွားစစ်ဆေးတဲ့အခါမှာ မနေ့ (မေလ ၁၃ ရက်) မနက် ၆ နာရီခွဲလောက်မှာ တည်းခိုခန်းက ရေနံချေးထည့်ထားတဲ့ ပုံးနဲ့ ဖြန်းတဲ့ပိုက်တွေကို ယူပြီးထွက်သွားကြတယ်။ ဘယ်ကိုသွားမလဲ တည်းခိုခန်းကို အသိပေးသွားတာမျိုး မရှိဘူး။ ညကလည်း ပြန်မအိပ်ကြဘူး။” ဟု သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လတ်တလောတွင် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် အဖွဲ့လိုက် ရေနံချေး လိုက်သုတ်ပြီး ငွေကြေး လိမ်လည်မှုများ မကြာခဏဖြစ်ပွားနေသည်ဟု ဒေဿခံတို့၏ ပြောကြားချက်များအရ သိရသည်။

    “သူတို့က ရေနံချေးသုတ်တော့မယ်ဆိုရင် ပစ္စည်းဖိုးနဲ့ လက်ခ ၅ သိန်းလောက်နဲ့ လက်ခံပြီး သုတ်တယ်။ အလုပ်ပြီးခါနီးဆိုရင် ၁၀ သိန်းကျ၊ ၁၅ သိန်းကျတယ်ဆိုပြီး လုပ်တော့ ဒေသခံတွေနဲ့ မကြာခဏ ပြဿနာတက်တဲ့သူတွေပါ။ အလုပ်ကို ရိုးရိုးသားသားလုပ်ကြတဲ့သူတွေ မဟုတ်ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းတို့အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ ကြီးစိုးသည့် ကျေးရွာများအတွင်း ယင်းကဲ့သို့သော လုပ်ဆောင်ချက်မျိုး လုပ်သည့်အတွက်ကြောင့် ပြဿနာဖြစ်ကာ အသတ်ခံကြရဟန်တူကြောင်းလည်း ဆိုသည်။

    အလောင်းများကို သံဖြူဇရပ် ဆေးရုံးကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်ကာ သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ) ၅၈/၂၀၂၆၊ အကြမ်းဖက်တိုက်ချက်အရေးဥပဒေပုဒ်မ – ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks