Wednesday, May 13, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်စစ်တပ် လက်ခုပ်ထဲက မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့ယုံကြည်မှု

    စစ်တပ် လက်ခုပ်ထဲက မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့ယုံကြည်မှု

    -

    မွန်ညီညွှတ်ရေးပါတီ (MUP) မှ အချို့ သော မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မွန်ဒေသအတွင်းရှိ ပြည်သူလူထုများအနေဖြင့် ဒေသလိုအပ်ချက်များနှင့် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို လာရောက်ဆွေးနွေးတင်ပြကြရန် ဖိတ် ခေါ်လျက်ရှိသည်။

    ပြည်သူလူထု၏ အသံများ အနီးကပ် နားထောင်နိုင်ရန် မြို့နယ်ပါတီရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ထားပြီး ပြည်သူလူထု၏ လိုအပ်ချက်၊ အခက်အခဲပြဿနာများကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပြီး ပြည်သူလူထုနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပြီး MUP လွှတ်တော်ကိုယ်စားလှယ်တို့က ကြေညာထားသည်။

    မွန်ညီညွှတ်ရေးပါတီ (MUP) မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဖိတ်ခေါ်ချက်သည် အပေါ်ယံ ကြည့်လျှင် ပါတီနှင့် ပြည်သူလူထုအကြား ထိတွေ့ဆက်ဆံသည့် ခြေလှမ်းဟု ထင်မှတ်စရာ ရှိသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေး အခင်းအကျင်းတွင် ထိုဖိတ်ခေါ်ချက်သည် အနှစ်သာရ မရှိသော ဟန်ပြနိုင်ငံရေး သက်သက်သာ ဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် (MUP) မှ ဝေဖန်ထောက်ပြရန် လိုအပ်နေပြီဖြစ်သည်။

    နိုင်ငံရေးပါတီတစ်ခု၏ အဓိက တာဝန်သည် ပြည်သူ့ဆန္ဒကို ဖော်ဆောင်ရန် ဖြစ်သော်လည်း၊ ယနေ့ ဒေသတွင်းပါတီများသည် စစ်ကော်မရှင် (အရပ်သားအမည်ခံ စစ်အစိုးရ) ၏ တရားဝင်မှုအတွက် အသုံးတော်ခံနေရသည့် အဆင့်ထက် မပိုပေ။ စစ်အာဏာစက်က အစစအရာရာကို ချုပ်ကိုင်ထားသည့် စနစ်အောက်တွင် ပါတီကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို နားထောင်ပြီး မည်သို့ မည်မျှ လုပ်နေပေးနိုင်မည်နည်း။ ဘတ်ဂျက်၊ လုံခြုံရေးနှင့် မူဝါဒအားလုံးကို စစ်တပ်က ချုပ်ကိုင်ထားချိန်တွင် ပါတီများ၏ အခန်းကဏ္ဍသည် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ဝိုင်းဝန်းကူညီပေးနေရသည့် အရုပ်စာရေးအဆင့်တွင်သာ ရှိနေသည်။

    ပြည်သူတို့သည် စစ်ဘေး၊ စစ်မှုထမ်းဥပဒေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လုံခြုံရေးကင်းမဲ့မှုဒဏ်များကိုအလူးအလဲ ခံစားနေကြရသည်။ ထိုဒုက္ခများ၏ တရားခံမှာ စစ်အာဏာရှင်စနစ်ပင် ဖြစ်သော်လည်း၊ပါတီကိုယ်စားလှယ်များသည် ထိုအချက်ကို တိုက်ရိုက်ဝေဖန်ရန် သတ္တိမရှိကြပေ။ စစ်တပ်၏ လက်ခုပ်ထဲတွင် နေရာရရေးကိုသာ ရှေ့တန်းတင်နေသည့် ပါတီများအနေဖြင့် ပြည်သူ့ဘက်ကမားမားမတ်မတ် ရပ်တည်၍ စနစ်ကို အံတုရဲသည့် အတိုက်အခံ စိတ်ဓာတ် မရှိပေ။

    နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာသည် စစ်တပ်မှ ချမှတ်ထားသည့် ဘောင်အတွင်းမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၌ မရှိဘဲ၊ ပြည်သူ့ဒုက္ခကို ဖန်တီးနေသည့် အာဏာစက်ကို မည်မျှအထိ ဟန့်တားပေးနိုင်သလဲဆိုသည့်အပေါ်၌သာ တည်ရှိသည်။ ပြည်သူ့ယုံကြည်မှုကို တကယ်လိုချင်လျှင် လက်ရှိ စစ်တပ်မှ မွန်ပြည်နယ်ရှိ လူငယ်များအပေါ် အတင်းအဓမ္မ ဖမ်းဆီးနေမှု၊ မွန်ပြည်နယ်တွင် ပြည်သူတို့ အား နေ့ စဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေမှု၊ ပြည်သူတို့ ၏ မြေနှင့် ဥစ္စာပစ္စည်း အတင်းအဓမ္မသိမ်းဆည်းနေမှုနှင့် မွန်ပြည်နယ်မှာ အလောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်နေတာတွေ အတိုက်အခံပါတီအနေဖြင့် ပြောရဲပြီး ပြည်သူနှင့်အတူ ခံစား၊ ပြည်သူနှင့်အတူ တိုက်ပွဲဝင်ရဲရပေမည်။ စစ်တပ်နှင့် ပူးပေါင်းနေသ၍ ပြည်သူ့ယုံကြည်မှုနှင့် အလှမ်းဝေးကွာနေဦးမည်ဖြစ်သည်။ စစ်အာဏာရှင်၏ လမ်းညွှန်ချက်ကို ခေါင်းငုံ့နာခံရင်း ပြည်သူ့အသံကို နားထောင်မည်ဆိုခြင်းမှာ လူထုကို ထပ်မံလှည့်စားခြင်းသာ ဖြစ်သည်။

    ယနေ့ မွန်ပြည်သူတို့ လိုအပ်နေသည်မှာ သူတို့၏ ဒုက္ခကို နားထောင်ပေးရုံသက်သက် နိုင်ငံရေးသမားများ မဟုတ်ဘဲ၊ ထိုဒုက္ခများ၏ အရင်းအမြစ်ကို ထောက်ပြဝေဖန်ရဲပြီး ပြည်သူနှင့်အတူ တိုက်ပွဲဝင်ရဲသည့် ခေါင်းဆောင်မှုမျိုးသာ ဖြစ်သည်။ စစ်တပ်အောက်တွင် ခိုကပ်ရင်း ကိုယ်ကျိုးစီးပွားရှာနေသည့်မည်သည့်အဖွဲ့အစည်းမဆို လူထု၏ ယုံကြည်မှုကို ရရှိမည်မဟုတ်ကြောင်း သတိပေး တင်ပြလိုက်ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks