Monday, May 11, 2026
More
    spot_img
    Homeသတင်းအသစ်ရွေးချယ်တင်မြှောက်ထားသည့် ကော့ဘိန်းနှင့်နောင်ခေတ်ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

    အသစ်ရွေးချယ်တင်မြှောက်ထားသည့် ကော့ဘိန်းနှင့်နောင်ခေတ်ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနှင့်နောင်ခေတ်ကျေးရွာတွင် အသစ်ရွေးချယ် တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချူပ်ရေးအဖွဲ့ဝင် အမျိုးသား ၂ ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ကော့ဘိန်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အသစ်ခန့်အပ်ထားသည့် အသက် ၅၀ အရွယ် နိုင်မြင့်အောင်ကို မေလ ၆ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကော့ဘိန်းဒေသခံတစ်ဦးမှ ဆိုသည်။

    “သူက ရပ်ကျေး ဥက္ကဋ္ဌဟောင်းတစ်ယောက်ပါပဲ။ အခုလည်း အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရတာ။ ရွာသားတွေ ပြောကြတာကတော့ သူက စစ်ကော်မရှင်အဖွဲ့နဲ့ ဆက်ဆံရေး တအားကောင်းတဲ့သူပါ။ စစ်ကော်မရှင်အဖွဲ့တွေနဲ့အတူ သွားလာနေတာမျိုး ရှိတယ်။ သူက အဲလို မရှုပ်မရှင်း ဖြစ်နေတာ” ဟု ဒေသခံက ပြောသည်။

    အလားတူ မေလ ၆ ရက်နေ့တွင်ပင် ကော့ဘိန်းကျေးရွာအနီး၊ နောင်ခေတ်ရွာတွင်လည်း ရပ်ကျေးဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် လျာထားသည့် နောင်ခေတ်ရွာသား နိုင်လှထွန်းဆိုသူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယနေ့အထိ အဆက်အသွယ်ပြတ်နေသည်ဟု နောင်ခေတ်ရွာခံတစ်ဦးက ပြောသည်။

    “ ဥက္ကဋ္ဌလုပ်ဖို့ လျာထားတဲ့ နိုင်လှထွန်းလည်း လာဖမ်းခေါ်သွားတယ်။ သူက နောင်ခေတ်ရွာရဲ့ ရှေ့ဘက်ခြမ်းမှာ နေတယ်။ သူကိုနေအိမ်မှာပဲ ဖမ်းသွားတယ်လို့ ကြားတယ်။ ဥက္ကဋ္ဌရွေးချယ်ပွဲကလည်း စစ်အစိုးရမဟုတ်ဘူးလေ။ မွန်ပြည်သစ်ပါတီ (ဗဟို) က လူတွေပဲ ဦးဆောင်ပြီး ရွေးပေးနေတာ။ ဘယ်လိုဖြစ်လို့လည်း မသိဘူး။ လာဖမ်းသွားကြတာ” ဟု အထက်ပါ ရွာခံက ပြောသည်။

    ကော့ဘိန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရွာများသည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ သထုံခရိုင်တွင်ပါဝင်ပြီးး လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးရွေးချယ်ပွဲကိုလည်း မွန်ပြည်သစ်ပါတီတာဝန်ရှိသူများမှ ဦးဆောင်ပြုလုပ်ပေးနေသည်ဟုလည်း သိရသည်။

    ဒေသခံများမှ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးကို ဒေသတွင်း လှုပ်ရှားနေသည့် ရာမည မွန်တပ်တော် RMA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြောဆိုလျှက်ရှိပြီး IMNA မှ အတည်ပြုနေဆဲဖြစ်သည်။

    ကော့ဘိန်းရွာတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စစ်ကော်မရှင်၏ ကော့ကရိတ်မြို့အခြေစိုက် သတင်းမီဒီယာဌာနတွင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကော့ဘိန်းရွာသား နိုင်ကရေင် (ခေါ်) နိုင်မွန်လှထွန်း ကိုလည်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks