စစ်ကောင်စီ၏ စစ်ရေးဗဟိုချက်ဖြစ်သော ရေးခရိုင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) ပေါက်ကွဲမှုတွင် ရေးပြောက်ကျားတပ် (YGF) အမှတ် ၈၀၀၁ တပ်ရင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တနသာၤရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ (၈၀၀၁)တပ်ရင်းအပြင် တပ်တွင်းတော်လှန်ရေးသတင်းပေးများ ပူးပေါင်းဖောက်ခွဲကြောင့်ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထုတ်ပြန်ထားသည်။
ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့သည့် စကခ (၁၉) ပေါက်ကွဲမှုတွင် မိနစ် ၂၀ ခန့် တရစပ် ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီး ၂ နာရီကြာ မီးငြိမ်းခဲ့ရကြောင်း သိရသည်။

ဖောက်ခွဲမှုကြောင့် ခဲယမ်းတိုက်အတွင်းရှိ ဒရုန်း၊ ဗုံးသီးများနှင့် လက်နက်ကြီး လက်နက်ငယ်များ ပေါက်ကွဲခဲ့ပြီး ၎င်းမှတစ်ဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်နှင့် ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်များ မီးကူးစက်လောင်ကျွမ်းခဲ့သည်။
အရေအတွက်အားဖြင့် လက်နက်ခဲယမ်းစုစုပေါင်း ၂၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး ရန်သူဘက်မှ ၄ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိထားသဖြင့် လူနာတင်ယာဉ်များ ဝင်ရောက်ကယ်ဆယ်ခဲ့ရကြောင်းလည်း သိရသည်။
ယခုစစ်ဆင်ရေးသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အချိန်နှင့် ငွေကြေးအင်အားများစွာ ပြင်ဆင်ခဲ့သော စစ်ဆင်ရေးဖြစ်သည့်အပြင် ရန်သူလှုပ်ရှားမှုအင်အားများကို စနစ်တကျစုဆောင်းပြင်ဆင်ခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့နောက် ဧပြီလ ၂၀ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုးကျော်လင်းမောင် ဦးစီးသောအဖွဲ့မှ ရဟတ်ယာဉ်ဖြင့် လာရောက်စစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။
မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသော ခဲယမ်းအကြွင်းအကျန်များကို စစ်ကောင်စီဘက်မှ ဧပြီလ ၂၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်။
တပ်တွင်းပေါက်ကွဲမှုဖြစ်ပြီးနောက် စကခ-၁၉ တပ်ရင်းအတွင်း စည်းလုံးမှုပျက်ပြားနေပြီး ပေါက်ကွဲမှုကို ရာဘာခြံမီးလောင်ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟုလည်း စစ်ကောင်စီဘက်မှ သတင်းအမှားများ ဖြန့်လျှက်ရှိကြောင်း ရေးဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။
"တပ်တွင်း မယုံကြည်မှုတွေဖြစ်နေတယ်။ ပြီးတော့ သူတို့ လက်နက်ခဲယမ်းတွေ အများကြီး ဆုံးရှုံးသွားတာကို မကျေနပ်ဖြစ်နေတယ်။ အဲ့ကြောင့် လမ်းသွားလမ်းလာ လုံခြုံရေးရော၊ လက်နက်ကြီးရန်ရော ကြောက်နေရတယ် ” ဟု ဒေသခံက ပြောသည်။
အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) သည် ခြေမြန်တပ်မအသွင်ယူထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည့်အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်ပြီး တော်လှန်ရေးတပ်များမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်ရပြီး တပ်တွင်းပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးအထူးတင်းကြပ်ထားကြောင်းလည်း ဒေသခံများက IMNA သို့ ပြောသည်။




