သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာ၊ အနောက်ပိုင်းရပ်ကွက်မှ မီးဘေးသင့်အိမ်ထောင်စု ၉ စု အတွက် ဓမ္မင်းဆိပ်ရှိ ရှင်ဥပဂုတ္တဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။
ကရုပ္ပိကျေးရွာ အဏ္ဏဝါရပ်ကွက်တွင် ယနေ့နံနက် ၃ နာရီဝန်းကျင်၌ နေအိမ်ဖယောင်းတိုင်မီးမှ မီးလောင်ကျွမ်းမှုဖြစ်ရာ နေအိမ်စုစုပေါင်း ၉ လုံးမှ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၈ ဦးတို့ မီးဘေးသင့်ခဲ့ရသည်။
မီးဘေးသင့်သူအများစုသည် ရေလုပ်ငန်းလုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား မိသားစုများဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူစေရေးနှင့် ယာယီနေထိုင်ရာနေရာများရရှိစေရန် ဓမ္မင်းဆိပ်ရှိ ရှင်ဥပဂုတ္တဓမ္မာရုံတွင် နေရာချထားကြောင်း ကရုပ္ပိရွာခံတစ်ဦးက ဆိုသည်။

"ကူညီကယ်ဆယ်ဖို့ကို ဘာမှလာမမေးကြရသေးဘူးလို့ပြောတာပဲ။ လောလောဆယ်တော့ နေရာချထားတာပဲ လုပ်ရသေးတယ်။ သူတို့ပစ္စည်းတွေကိုတော့ အဲမှာနေရာချထားကြတာ"ဟုပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုးထရံကာ နေအိမ် (၃) လုံး၊ သွပ်မိုးပျဉ်ကာ နေအိမ် (၄) လုံး၊ အုတ်ညှပ်နေအိမ် (၂) လုံး စုစုပေါင်း နေအိမ် (၉) လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကျေး မီးသတ်ယာဉ်၊ ရေသယ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၀ ဝန်းကျင်တွင်မီးငြိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်စိပ်သည့် ရပ်ကွက်ဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု များခဲ့သည်ဟုလည်း ဆိုသည်။
"မနက် ၃ နာရီကတည်းက မီးဟုန်းဟုန်းတောက်နေပြီး။ အဏ္ဏဝါရပ်ကွက် ကွက်သစ်လိုမျိုး တစ်အိမ်နဲ့တစ်အိမ်ကလည်း ကပ်နေရော ၁ ပေလောက်ပဲကွာတာ။ ၁၀ စုနှစ်ရှည်ကြာ နေနေတဲ့ ပြောင်းရွှေ့လုပ်သားတွေပဲ"ရွာခံက ဆက်ပြောသည်။
ယာယီကယ်ဆယ်ရေးစခန်းရှိသော်လည်း မီးဘေးသင့်ပြည်သူများထံ လာရောက်ကူညီကယ်ဆယ်သူမရှိသေးသဖြင့် နီးစပ်ရာနေရာ အသိမိတ်ဆွေနေအိမ်များတွင် နေထိုင်နေရကြောင်းလည်း သိရသည်။
သံဖြူဇရပ်မြို့မရဲစခန်းမှ နေအိမ်မီးလောင်မှုနှင့်ပတ်သတ်၍ ဦးရန်နိုင်လင်းဆိုသူကို အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။
မွန်ပြည်နယ်တွင် ရာသီဥတုပူပြင်းမှုနှင့် ပေါ့ဆမှုကြောင့် နေအိမ်မီးလောင်ကျွမ်းမှု မကြာခဏဖြစ်ခဲ့ပြီး ကျိုက်မရောမြို့နယ် ကော့ခလိန်ရွာတွင် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲအချိန်က ဘုရားထီးတော်တင်ပွဲပြုလုပ်နေစဉ် နေအိမ် ၂ လုံး မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့သေးသည်။




