မွန်ပြည်နယ်တွင် စက်သုံးဆီလိုသလောက် ဝယ်ယူမရရှိသဖြင့် ရေရှားပါးသော မြို့နယ်များသို သောက်သုံးရေ ပို့ဆောင်လှူဒါန်းရာတွင် လူမှုကူညီရေးအသင်းများအနေဖြင့် အခက်အခဲများ ကြုံနေရကြောင်း ဆိုသည်။
ရေတွင်းနှင့် ရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေးရှားပါးမှုဖြစ်နေသည့် ကျိုက်မရော၊ သထုံနှင့် ဘီးလင်း မြို့နယ်ရှိ ရပ်ကွက်အချို့တွင် သင်္ကြန်ကာလနောက်ပိုင်း သောက်သုံးရေရှားပါးသည့် ပြဿနာများ ပိုမိုဆိုးရွားလာသည်။
သောက်သုံးရေလိုအပ်ချက် များနေသော်လည်း ရေလှူဒါန်းရေးလုပ်ဆောင်ပေးနေသည့် လူမှုကူညီရေးအဖွဲ့များမှ ဆီအကန့်အသတ်အတိုင်းသာ လှူဒါန်းနေသဖြင့် ရေလိုအပ်နေသော ကျေးရွာ၊ ရပ်ကွက်အားလုံးသို့ ပေးဝေလှူဒါန်းနိုင်ခြင်းမရှိဟု လူမှုကူညီရေးအသင်းများက ပြောသည်။

“တစ်ရက်ကို ကားတစ်စီးအတွက် ဆီနှစ်သောင်းလောက်ပဲ ရနိုင်တယ်။ အဖွဲ့ဘက်ဂျက်လည်း မများတော့ တစ်ရက်ကို အများဆုံး ၈ ကြိမ်လောက်ပဲ သွားနိုင်တယ်။ လိုအပ်တဲ့နေရာတွေ အများကြီးရှိသေးတယ်၊ မရောက်သေးတဲ့ နေရာတွေလည်း အများကြီးရှိတယ်။ အရင်နှစ်တွေလို တစ်ရက်ကို ၁၂ ကြိမ်လောက်အထိ လုံလောက်အောင် လှူဒါန်းနိုင်တာမျိုး မရှိတော့ဘူး။ အခုက အိမ်ထောင်ဦးရေအပေါ်မူတည်ပြီးတော့ ဘယ်နှပုံး အဲလို သတ်မှတ်ပြီး ဝေပေးနေရတယ် ” ဟု သထုံမြို့နယ်ရှိ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လူမှုကူညီရေးအသင်းများအနေဖြင့် သီးခြားရန်ပုံငွေမရှိဘဲ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုများအပေါ်တွင်သာ မှီခိုရပ်တည်နေကြပြီး လက်ရှိတွင် အလှူရှင်နည်းပါးလာသဖြင့် အဖွဲ့ဝင်များကိုယ်တိုင် ရန်ပုံငွေထည့်ကာ လှူဒါန်းမှုများ ဆက်လက်ပြုလုပ်နေကြသည်ဟု ဆိုသည်။
ထိုအပြင် လျှပ်စစ်မီးများလည်း ပုံမှန်မရသောကြောင့် ရေစုပ်စက်များလည်ပတ်ရာတွင် ဓာတ်ဆီဖြင့်သာ လည်ပတ်နေရပြီး ကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုခက်ခဲနေကြောင်း ဘီးလင်းမြို့နယ်ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရေလိုအပ်နေတဲ့ရွာတွေက တနေ့ထက်တနေ့ ပိုများလာတယ်။ ဒါပေမယ့် ဆီမလုံလောက်တာ၊ အလှူရှင်လည်း နည်းလာတာကြောင့် လိုအပ်သလောက် မထောက်ပံ့နိုင်တော့ဘူး။ အခုဆိုရင် အရေးပေါ်လိုအပ်တဲ့နေရာတွေကိုပဲ ဦးစားပေးပို့ဆောင်နေရတယ်” ဟု ထိုသူက ဆက်ပြောသည်။
ယခင်နှစ်များတွင် သောက်သုံးရေရှားပါးမှု နှစ်စဥ်ဖြစ်နေသည့် ကျေးရွာနှင့် ရပ်ကွက်များအတွက် မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေး၊ ပရဟိတအဖွဲ့အစည်းများက ကြိုတင်စီမံကာ ရေပေးဝေမှုများ ပြုလုပ်လေ့ရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ယခုနှစ်တွင် စက်သုံးဆီအခက်အခဲကြောင့် ယမန်နှစ်များကဲ့သို့ ကူညီရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
ယခုနှစ်နွေရာသီတွင် အပူချိန်မြင့်တက်လာခြင်းကြောင့် ရေရှားပါးမှုပြဿနာများ ပိုမိုကြုံတွေ့နေရပြီး စက်သုံးဆီအခက်အခဲများကြောင့် ကူညီပံ့ပိုးနိုင်မှုလည်း အကန့်အသတ်ဖြင့်သာရှိနေသဖြင့် ရေလိုအပ်နေသော ကျေးရွာများ လူမှုကယ်ဆယ်ရေးအဖွဲ့များထံ ချိတ်ဆက်၍ အချိန်မီ အကူအညီတောင်းခံရန် လိုအပ်ကြောင်း တာဝန်ရှိသူများက တိုက်တွန်းထားသည်။




