မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာတွင် ဘုရားထီးတော်တင်ပွဲပြုလုပ်နေစဉ် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲအချိန်က နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း ရွာခံများထံမှ သိရသည်။
ယမန်နေ့က ကော့ခလိန်ရွာအပြင်ရှိ ဘုရားထီးတော်တင်ပွဲသို့ ရွာခံအများစု ရောက်ရှိနေစဉ် လူသူမရှိသည့် နေအိမ်တစ်အိမ်တွင် ဆိုလာမီးသွယ်တန်းထားသည့် နေရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အနီးရှိနေအိမ်တစ်လုံးကိုပါ မီးကူးသွားခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့နေ့က လေပြင်းလည်းတိုက်၊ ပူလည်းပူ၊ အိမ် ၂ လုံးအစအန မကျန်အောင် မီးထဲပါသွားတယ်။ ဆိုလာကနေ မီးစလောင်တယ်၊ ရွာမှာ ဘုရားထီးတင်ပွဲရှိလို့ အိမ်မှာ လူမရှိကြဘူး၊ အဲ့ဘက်က အိမ်ကျဲတော့ မီးသတ်ကားလည်း မရောက်ဘဲ လူငယ်တွေအားနဲ့ပဲ မီးငြိမ်းနိုင်ခဲ့တယ်” ဟု ဆိုသည်။
မီးလောင်မှုဖြစ်နေစဉ် အနီးအနားရွာမှ မီးသတ်ယာဉ်တစ်စီးသာ ရောက်ရှိကြောင်း၊ ကော့ခလိန်နှင့် ဓမ္မသလမ်းသွယ်ကို ပိတ်ထားသဖြင့် ဓမ္မသတ်ရွာမှ မီးသတ်ယာဉ်များ လာရောက်ရန် အဆင်မပြေဖြစ်ခဲ့ကြောင်း ကော့ခလိန်ရွာခံ အမျိုးသားတစ်ဦးကပြောသည်။
နာရီဝက်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရွာခံလူငယ်များ၊ လူကြီးများ၏ အကူအညီဖြင့် မီးငြိမ်းနိုင်ခဲ့ပြီး မီးဘေးသင့်သွားသည့်နေအိမ် ၂ အိမ်မှ ဒေသခံများ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တွင် ယာယီနေထိုင်နေရသည်ဟု သိရသည်။
“ကောက်ရိုးပုံတို့ ထင်းထားနေရာတို့ပဲ မီးကူးတယ် အခြားအိမ်တွေကို မီးမကူးဘူး၊ အဲ့ဘက်က နှစ်ဖက်တပ်က ဟိုဖက်ဒီဖက်မလို့ မီးသတ်ကား လာလို့အဆင်မပြေတဲ့ အခြေအနေရှိတယ်။ မဟုတ်ရင် အခြားကားတွေလည်းလာကြမှာ။ ဓမ္မသတ်ဘက်မှာ မီးသတ်ကား ရှိတယ်။ ကော့ကျိုက်ကုန်း ဓမ္မသနဲ့ လမ်းသွယ်ရှိတယ် အဲ့လမ်းသွယ် စစ်တပ်က ပိတ်ထားတာကြာပြီး” ဟု ပြောသည်။
မီးလောင်ပြာကျသွားသည့်နေအိမ် ၂ လုံးမှ ငွေကျပ် သိန်းရာနှင့်ချီ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် မုဒုံမြို့နယ်၊ လက်တက်ကျေးရွာတွင် အထပ်သားစက်ရုံအတွင်းရှိ စက်သုံးဆီသိုလှောင်သည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားသေးကြောင်းသိရသည်။




