မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် စုပုံစွန့်ပစ်ထားသော အမှိုက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး မြို့တွင်းစည်ပင်သာယာရေးအဖွဲ့မှ စည်းစနစ်တကျ စီမံဆောင်ရွက်ပေးရန် ကမ်းနားလမ်းအနီးနေထိုင်သူများ တောင်းဆိုထားကြသည်။
မော်လမြိုင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်နှင့် လူအင်အားမလုံလောက်မှုကြောင့် စည်းစနစ်တကျ အမှိုက်သိမ်းနိုင်ခြင်းမရှိသဖြင့် ဒေသခံများအား ကမ်းနားလမ်းတွင် အမှိုက်များကို စွန့်ပစ်ခွင့်ပြုထားကြောင်း မော်လမြိုင်ဒေသခံများက ဆိုသည်။
ကမ်းနားလမ်းတစ်လျှောက် စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာသော အနံ့အသက်ဆိုးများကြောင့် ပတ်ဝန်းကျင်ညှစ်ညမ်းမှုများ ဖြစ်နေပြီး ကမ်းနားလမ်းအနီး နေထိုင်သူဒေသခံများနှင့် အပန်းဖြေရန် လာရောက်သူများအတွက် သက်တောင့်သက်သာ မရှိစေကြောင်း ဆိုသည်။

“သူများနယ်ကလာတဲ့သူတွေ ကမ်းနားလမ်းကိုမသွားချင်လို့ မပြောနဲ့၊ ကိုယ်ဒီမော်လမြိုင်ဒေသခံတောင် အရေးကိစ္စရှိရင် အဲ့ဘက်မသွားချင်ဘူး။ အနံတွေကတော်တော်ဆိုးတယ်။ ပလတ်စတစ်တွေလည်း ပြန့်ကြဲနေရောပဲ။ သွားကိုမသွားချင်တော့ဘူး အဲ့ဘက်ကို။” ဟု မော်လမြိုင်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
မော်လမြိုင်ကမ်းနားလမ်းနှင့်နည်းတူ ဇေယျာသီရိရပ်ကွက်နှင့် ဒိုင်ဝန်းကွင်းရပ်ကွက်များ၌လည်း စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အမှိုက်ပုံကြီးများ ရှိနေကြောင်း အထက်ပါ ဒေသခံက ပြောကြားသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်စေရန် အပန်းဖြေစီမံကိန်းများကို တိုးချဲ့ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသော်လည်း ကမ်းနားလမ်းတစ်လျှောက်ရှိ အမှိုက်ပြဿနာများကို လစ်လျူရှုထားသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မြို့၏ပုံရိပ်များအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ထောက်ပြကြသည်။
ထို့ကြောင့် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကမ်းနားလမ်းအတွင်း အမှိုက်ပစ်ခွင့် ပြုထားခြင်းကို ရုပ်သိမ်းပေးရန်နှင့် မော်လမြိုင်မြို့ရှိ ရပ်ကွက်များအတွင်းအထိ အမှိုက်သိမ်းကားများက အပတ်စဉ် လာရောက်ကောက်ယူသည့် စနစ်ကို စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မော်လမြိုင် မြိုင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
“စည်ပင်တွေက ဒီကမ်းနားလမ်းမှာ အမှိုက်တွေလာပြစ်ထားဖို့ ခွင့်ပြုထားတယ်ဆိုကတည်းက မမှန်နေတာ။ ဘာကြောင့်လဲဆိုရင် ကမ်းနားဆိုတာ လူတွေအပန်းဖြေတဲ့နေရာတစ်ခု။ အဲ့ကြောင့်စည်ပင်အဖွဲ့တွေက လမ်းမကြီးမှာမဟုတ်ပဲ မော်လမြိုင်မှာရှိတဲ့ရပ်ကွက်တိုင်း တစ်ပတ်ကိုနှစ်ကြိမ်လောက် အမှိုက်ကားနဲ့လိုက်ကောက်နေရင် ဒီပြဿနာလည်းဖြစ်လာမှာမဟုတ်ဘူး။ အမှိုက်ကားအတွက် အခွန်ငွေပေးရရင်လည်းကျနော်တို့ ပေးနိုင်တယ်။ “ ဟု ဆိုသည်။
မော်လမြိုင် ကမ်းနားလမ်းသည် ၃ မိုင် ၇ ဖာလုံအရှည်ရှိပြီး မြန်မာကမ်းနားလမ်းများအနက် အရှည်ဆုံးကမ်းနားလမ်းတစ်ခု ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် Mawlamyine Strand Walking Street ဖွင့်လှစ်စဉ်က ကမ်းနားလမ်းတစ်လျှောက် အမှိုက်ကင်းစင်ရေးကိစ္စကို ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်ကာလနောက်ပိုင်း အရေးယူ ဆောင်ရွက်မှုများရပ်နားခဲ့ပြီး အမှိုက်ပုံကိစ္စများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။




