စစ်အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ အမိန့်စာဖြင့် မြို့နယ်ပေါင်း ၆၀ အား ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးရန် တပ်ဘက်သို့ ပြန်လွှဲကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခံရသော မြို့နယ်များမှာ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် မြို့များ၊ စစ်တပ်နှင့် အပစ်ရပ်သဘောတူပြီးဖြစ်ကြသော ရှမ်းပြည်နယ်မြောက်ပိုင်းမှ EAOs နယ်မြေများ ပါဝင်နေသည်။
အထက်ပါနယ်မြေများကို သက်ဆိုင်ရာတိုင်းမှူးများက တိုက်ရိုက်ကွပ်ကဲပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အခွင့်အာဏာများပေးအပ်ကြောင်း ဆိုသည်။
စစ်အုပ်ချုပ်ရေး ကြေညာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “သူတို့ ထိန်းချုပ်လို့ မရသေးတဲ့ ဒေသတွေကို မီးစတစ်ဘက် ရေမှုတစ်ဘက် သဘောမျိုးပေါ့နော်။ စစ်ရေး နိုင်ငံရေးဖိအားပေးပြီးတော့ တစ်ဘက်ကလည်း ငြိမ်းချမ်းရေးလမ်းဖွင့်ထားတဲ့ဟာကို သူတို့ ဆောင်ရွက်တဲ့သဘောမျိုးလို့ မြင်ရတယ်။ ဖိအားပေးပြီးတော့ ငြိမ်းချမ်းရေးထဲမှာ မပါ၊ ပါလာအောင် တွန်းပို့မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်ခင်ဗျ” ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေးနယ်မြေတွင် ဖြစ်ပွားသည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ စစ်တပ် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း၊ စစ်တပ်နှင့် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့နှောက်ယှက်ခြင်း၊ အစိုးရဝန်ထမ်းတဦးကို ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ဓားပြမှု၊ အဂတိလိုက်စားမှု၊မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ အစရှိသည့် ပြစ်မှုများကို စစ်ခုံးရုံးမှ တိုက်ရိုက်ကိုင်တွယ်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါပြစ်မှုများကို ပြစ်ဒဏ်ထင်ရှားလျှင် သေဒဏ်စီရင်မှု၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်နှင့် သက်ဆိုင်ရာပြစ်မှဒအလိုက်အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်မည်ဟု တစ်ပါတည်း ဖော်ပြထားသည်။
“သေဒဏ်အထိပြဌာန်းထားပြီးတော့ အပြစ်ပေးလို့ရတဲ့ဟာတွေနဲ့ ချုပ်ထားတယ်ဆိုတော့ သဘောကတော့ အဲဒီဒေသမှာ ဒီစစ်ရေး၊နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ ရှိလာတယ်ဆိုရင် ဒါသူတို့ အချိန်မရွေး ဖိနှိပ်လို့ ရတယ်ဆိုတဲ့သဘော။ အဲ့တော့ ပြည်သူလူထုအနေနဲ့လည်း ဒါငြိမ်ဝပ်ပိပြားဖို့ ပြီးရင်သူတို့ ဒီ တပ်ဖွဲ့ အစုအဖွဲ့တွေပေါ့နော်။ အထူးသဖြင့် TNLA၊ MNDAA အစုအဖွဲ့တွေနဲ့ ပါဝင်ချိတ်ဆက်တယ်ဆိုရင် ဒါ မတရားအသင်း ဒါမှမဟုတ်ရင် တခြားဖိနှိပ်လို့ရတဲ့ ခေါင်းစဥ်မျိုးတွေနဲ့ သူတို့ ထိန်းချုပ်လို့ရအောင် ကြိုးစားတယ်လို့ နားလည်ရတယ် ခင်ဗျ”ဟု နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ လေ့လာသုံးသပ်သူ တစ်ဦးက ထောက်ပြသည်။
စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် မြို့များမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်၊ ကယားပြည်နယ်တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်း ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ စစ်ကိုင်းတိုင်းမှ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော်၊ မကွေးတိုင်းမှ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များ ပါဝင်သည်။ ထို့ပြင် စစ်တပ်နှင့် အပစ်ရပ်သွားပြီဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားမြို့နယ်များဖြစ်သည်။




