မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန် ရေခမ်းခြောက်မှုသိသိသာသာဖြစ်ပွားခြင်းကြောင့် သောက်သုံးရေရှားပါးသည့်ပြဿနာနှင့် စတင်ကြုံတွေ့လာနေသည်ဟုဒေသခံများက ပြောသည်။
နေ့စဉ်မြင့်တက်နေသည့် အပူချိန်နှင့် ရာသီဥတုအခြေအနေကြောင့် ဧပြီလဆန်းရက်မှစပြီး ကျေးရွာအတွင်းရှိ ရေတွင်း၊ရေကန်များ စတင်ခမ်းခြောက်ခဲ့ပြီး လက်ရှိတွင် သောက်သုံးရေများ ရရှိရန်မလွယ်ကူတော့ကြောင်း ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ရေတွင်းမှာတော့ ရေတွေက နည်းနည်းရှိနေသေးတယ်၊ ဒါပေမဲ့ မသန့်တော့ဘူးလေ။ သောက်လို့မရတော့ ဘုန်းကြီးကျောင်းထဲက ရေတွင်းတွေ၊ ရေထွက်ကောင်းတဲ့ရေတွင်းတွေမှာ သွားပြီးတော့ သယ်နေကြတယ်။ ဒီနှစ်က ရေခမ်းခြောက်တာ နည်းနည်းစောတယ်။ ခါတိုင်းထက်လည်းပိုပူတော့ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ရေတွင်းရေကန်များ တူးဖော်၍မရသည့် ပင်လယ်ကမ်းခြေတစ်ဝိုက်ရှိ ကျေးရွာများ၌ နှစ်စဉ် သောက်သုံးရေပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုဧပြီလတွင်လည်း ရေဝယ်ယူသုံးစွဲနေသည်ဟု မုဒုံမြို့နယ်၊ ကတုံးပေါ်ရွာခံတစ်ဦးက ပြောသည်။
“ကျနော်တို့ဘက်ကျတော့ ပင်လယ်နဲ့နီးတော့ သောက်ရေကို တစ်ခြားရွာကနေ ဝယ်ယူနေကြရ တယ်။ ကျနော်တို့ဘက်ခြမ်းက အပေါ်ရွာကကော့ပရံမှ ရေတွေသွားယူနေရတာ။ အခု အဲဘက်မှာလည်း ရေတွေက စခမ်းလာနေပြီလေ။ အဲကလူတွေလည်း ရေမပေးတော့ရင် ကျနော်တို့လည်း ခက်ခဲဖြစ်ကြမှာပေါ့။ အရင်နှစ်ကတော့ မုဒုံမြို့ပေါ်က ရေကန်တွေအထိကို ရေတွေကို ကျနော်တို့ သွားဝယ်ရတယ်” ဟု ကတုံးပေါ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နေဒေသခံများ ရေခမ်းခြောက်မှုကြောင့် သောက်သုံးရေရှားပါးမှု ဆိုးဆိုရွားရွားဖြစ်လာမည်ကိုလည်း စိုးရိမ်လျှက်ရှိသည်။
ယခင်နှစ်များက သောက်သုံးရေရှားပါးသည့် ကျေးရွာ၊ ရပ်ကွက်များသို့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့များ၊ လှုမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရေပေးဝေလှူဒါန်းရေးအဖွဲ့များ ရေရရှိစေရေး ကြိုတင်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြသော်လည်း စက်သုံးဆီကိစ္စကြောင့် ကူညီဆောင်ရွက်မှုများ မလုပ်ဆောင်ရသေးကြောင်း မုဒုံမြို့နယ်က လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနှစ်ကတော့ ရေခမ်းပြီး သောက်သုံးရေ အဆင်မပြေဖြစ်တာနဲ့ ကျနော်တို့ကသောက်သုံးရေ တွေကို သွားလှူဖြစ်တယ်။ မနှစ်ကတော့ ရေကားတစ်ကားကိုခြောက်သောင်းပဲ၊ ဒီနှစ်ကျတော့ တစ်သိန်းဆိုတော့လေ။ အကိုတို့လည်း မလှူဖြစ်သေးသလို အလှူရှင်တွေက မရှိသေးဘူး။ နည်းနည်းတိတ်ဆိတ်နေသေးတယ်။ နောက်တစ်ချက်က အကိုတို့ဝယ်ထားတဲ့ ရေသယ်ကားကလည်း ဒီရက်ပိုင်းရောက်တော့မယ်လေ။ အဲဒါစောင့်နေတာ၊ ရောက်တာနဲ့ သောက်သုံးရေ အဆင်မပြေတော့တဲ့နေရာတွေကို စလှူဖြစ်တော့မှာပါ ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ယခုနှစ်နွေရာသီကာလသည် ပိုမိုပူပြင်းသည့် အပူချိန်ကြောင့် ရေရှားပါးမှုပြဿနာများ ပိုမိုရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း၊ ရေလိုအပ်သည့် ကျေးရွာမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ မီးသတ်ရေးအဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များကို ချိတ်ဆက်ပြီး အကူအညီတောင်းခံရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
မွန်ပြည်နယ်တွင် နှစ်စဉ်မတ်လမှ မေလအတွင်း ရာသီဥတုပူပြင်းမှုနှင့် အယ်နီညိုဖြစ်စဉ်များကြောင့် သောက်သုံးရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီး တစ်မြို့နယ်လုံးနီးပါးမဟုတ်သော်လည်း ရွာတစ်ရွာ သို့မဟုတ် သုံးလေရွာခန့် ကြုံတွေ့ရလေ့ရှိသည်။
ပုံ-CJ




