Homeသတင်းကျိုက်ထီးရိုး တောင်တက်ကားခ တိုးမြှင့်ထားသော်လည်း ဘုရားဖူးဝင်ရောက်မှု များဆဲ

ကျိုက်ထီးရိုး တောင်တက်ကားခ တိုးမြှင့်ထားသော်လည်း ဘုရားဖူးဝင်ရောက်မှု များဆဲ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး တောင်တက်ကားခကို တစ်ဦးလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံသော်လည်း ဘုရားဖူးဝင်ရောက်မှု များပြားနေဆဲဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

စက်သုံးဆီအခက်အခဲကြောင့် ကျိုက်ထီးရိုး တောင်တက်ကားခကို မတ်လ ၂၃ ရက်နေ့ကစပြီး ယခင် ခေါင်းခန်း ၉,၀၀၀ ကျပ်၊ အနောက်ခန်း ၇,၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ယခု ခေါင်းခန်း ၁၁,၀၀၀ ကျပ်၊ အနောက်ခန်း ၉,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေသည်။

“ဒီကြားရက်တွေမှာ ကျိုက်ထီးရိုးဘုရားဖူးတွေက ပုံမှန်အတိုင်းပဲ လာနေပါတယ်။ တစ်နေ့ဆို လူဦးရေ လေးငါးခြောက်ထောင်အထိ ဝင်ရောက်နေကြတယ်။ စက်သုံးဆီဂယက်ရှိနေပေမဲ့လည်း ဘုရားဖူးတွေက များနေဆဲပဲ။ ပိတ်ရက်မှာဆို ပိုတောင်များမယ်” ဟု ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းအနေဖြင့် စက်သုံးဆီ ဝယ်ယူရခက်ခြင်းနှင့် ဈေးကြီးပေးဝယ်ယူနေရသည့်အတွက် ကားခ တိုးမြှင့်ကောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ကားခ တိုးမြှင့်ကောက်ခံသော်လည်း ကျိုက်ထီးရိုးဘုရားဖူး များဆဲဖြစ်သည့်အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းများလည်း ဆက်လက်လည်ပတ်နေဆဲ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတို့က ပြောသည်။

“ဆီမလုံလောက်လို့ ကားတွေ အားလုံး မပြေးနိုင်ဘူး။ ဒါပေမဲ့ လာတဲ့သူတွေကတော့ ဆက်ရှိနေတုန်းပဲ။ တချို့အချိန်မှာ ကားစောင့်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒီသင်္ကြန်ပိတ်ရက်ကျရင် ပိုတောင်လာကြဦးမယ် ထင်တယ်” ဟု ကျိုက်ထီးရိုးရှိ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ကျိုက်ထီးရိုးဘုရားသို့ ယမန်နှစ်က ပြည်တွင်းပြည်ပ ဘုရားဖူး ၇ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ဘုရားပွဲတော်စသည့် သီတင်းကျွတ်လပြည့်နေ့မှ လက်ရှိအချိန်အထိ ဘုရားဖူး ၁၂ သိန်းကျော်အထိ ဝင်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts