Homeသတင်းမွန်ပြည်နယ် လွတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ နေရာနှစ်ရပ်လုံး ကြံ့ခိုင်ရေးပါတီမှ ရွေးချယ်ခံရ

မွန်ပြည်နယ် လွတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ နေရာနှစ်ရပ်လုံး ကြံ့ခိုင်ရေးပါတီမှ ရွေးချယ်ခံရ

-

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယနေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဌနေရာတွင် ကြံ့ခိုင်ရေးပါတီ (USDP) မှ ဦးသက်ထွေးနှင့် ဒုဥက္ကဌနေရာတွင် ဦးမင်းအောင်မြင့်တို့ ပြိုင်ဘက်မရှိ ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဦးသက်ထွေးသည် ပြီးခဲ့သည့် အပိုင်းလိုက်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပြီး ဦးမင်းအောင်မြင့်လည်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

ယနေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သဘာပတိနေရာ အဆိုပြုတင်သွင်းသူ နှစ်ဦးဖြစ်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်စနစ်ဖြင့် ဦးအောင်ကြည်သိန်းအား သဘာပတိအဖြစ် ရွေးချယ်ခဲ့ပြီး သဘာပတိမှ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌနေရာများကို ရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၈ ဦး၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ၇ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်အကြီးအကဲနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် အရေးကြီးအခန်းကဏ္ဍ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက်ရှိနေကြောင်းလည်း IMNA နှင့် ယခင် ဆက်သွယ်မေးမြန်းချက်တွင် ပြောဆိုထားသည်။

လာမည့် မတ်လ ၃၀ ရက်နေ့တွင် သမ္မတနှင့် ဒုသမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် အစုအဖွဲ့အစည်းအဝေးများကို စတင်ကျင်းပသွားရန်ရှိမည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts