Homeသတင်းမွန်တွင် စစ်အာဏာသိမ်း ၅ နှစ်အတွင်း အရပ်သား ၆၀၀ ကျော် သေဆုံး

မွန်တွင် စစ်အာဏာသိမ်း ၅ နှစ်အတွင်း အရပ်သား ၆၀၀ ကျော် သေဆုံး

-

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး သေဆုံးသည်ဟု Data for Myanmar ၏ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကောက်ယူထားသည့် အချက်အလက်များအရ အရပ်သား ၆၅၀ ဦး သေဆုံးပြီး ၁,၀၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၂၄၁ ဦး ရှိပြီး ၇၂ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း ဆိုသည်။

လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၂၂၆ ဦးရှိပြီး ၄၄ ရာခိုင်နှုန်းသည် အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြောင်း Data for Myanmar က ဆိုထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ များပြားလာကြောင်း ကျိုက်မရောဒေသခံ မွန်လူငယ်တစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးရာမှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူတွေ ပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ ပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူတွေ ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတဲ့သူတွေ ပါတယ်။ ဒီလူတွေအားလုံးက အပြစ်မရှိဘဲ သေဆုံးသွားတဲ့သူတွေ များတယ်” ဟု ၎င်းက ပြောသည်။

သထုံခရိုင်သည် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး ပြည်နယ်၏ စုစုပေါင်း အရပ်သားသေဆုံးသူ ဦးရေ၏ ၅၈ ရာခိုင်နှုန်း (၃၇၄ ဦး) ရှိသည်။

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှုများကြောင့် သေဆုံးမှုများသည့် မြို့နယ်များမှာ ကျိုက်ထိုမြို့နယ်တွင် ၉၁ ဦးဖြင့် အများဆုံးဖြစ်ကာ ရေးမြို့နယ်တွင် ၈၃ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သထုံ၊ သံဖြူဇရပ်၊ ပေါင် စသည့်မြို့နယ်များတွင်လည်း သေဆုံးသူ အရေအတွက် သိသိသာသာ များပြားခဲ့ကြောင်း ဆိုသည်။

မွန်ပြည်နယ်တွင် လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘီးလင်းမြို့နယ်တွင် ၇၆ ဦး၊ ကျိုက်ထိုမြို့နယ်တွင် ၅၁ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၄၅ ဦး နှင့် သထုံမြို့နယ်တွင် ၃၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

“မွန်ပြည်နယ်မှာ တောင်ပိုင်းမှာဆိုရင် ရေးမြို့နယ်နဲ့ မြောက်ပိုင်းမှာဆိုရင် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုများတယ်။ ကျန်တဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပေမယ့် အရပ်သားထိခိုက်မှု ကြီးကြီးမားမား မရှိသေးဘူး။ အခုနောက်ပိုင်း ဘီးလင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ စိပ်လာပြီး အရပ်သားထိခိုက်မှုတွေလည်း ပိုတိုးလာတာကို တွေ့ရတယ်” ဟု အထက်ပါ မွန်လူငယ်က ဆက်ပြောသည်။

ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ရေးပဋိပက္ခပြင်းထန်သည့် မြို့နယ်များတွင် အရပ်သားဘေးကင်းလုံခြုံရေး အစီအမံများနှင့် လူသားချင်းစာနာမှု အကူအညီများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း Data for Myanmar က တိုက်တွန်းထားသည်။

ထို့အတူ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်တန့်ရမည်ဖြစ်ပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာသင့်ကြောင်း အကြံပြုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts