Homeသတင်းNCA လမ်းကြောင်းနှင့် သွေဖယ်သည်ဟုဆိုပြီး အဖွဲ့ခေါင်းဆောင်နှစ်ဦးကို DKBA ထုတ်ပယ်

NCA လမ်းကြောင်းနှင့် သွေဖယ်သည်ဟုဆိုပြီး အဖွဲ့ခေါင်းဆောင်နှစ်ဦးကို DKBA ထုတ်ပယ်

-

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကိုသွေးဖယ်ပြီး KNU အပါအဝင် အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပါဝင်ပတ်သတ်နေသဖြင့် အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ထုတ်ပယ်လိုက်သည်ဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တာဝန်ရှိသူက IMNA သို့ပြောကြားသည်။

DKBA အမှတ် ၁ စစ်ကွပ်ကဲရေးလက်အောက်ခံ အမှတ် ၉၁၅ တပ်ရင်းမှ ပြန်တမ်းဝင်အရာရှိဖြစ်သည့် ဗိုလ်မှူးစောထို့လွီနှင့် ဗိုလ်ကြီးစောကရင်လေးတို့ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့အစည်းမှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးသည် လက်အောက်အဖွဲ့သား ၅၀ နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းလိုက်သဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်ဟု DKBA ဗိုလ်မှူးကြီး စောဖားဘလက်က ဆိုသည်။

ပုံ-DKBA 

“အဲ့တာက ကျနော်တို့အဖွဲ့အစည်းကနေပြီးတော့ ချမှတ်ထားတဲ့ NCA လမ်းကြောင်းအတိုင်းသွားနေတော့ ဒီပူးပေါင်းအဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်တဲ့အပေါ်မှာပဲ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အစည်းအဝေးထိုင်ပြီး‌တော့ ထုတ်ပယ်လိုက်တာပါပဲ။ ပူးပေါင်းအဖွဲ့အစည်းနဲ့ ပတ်သက်နေတာက ပြောရမယ်ဆိုရင် ဒီဘက်ကအမိန့်ပေးတာကိုလည်း လက်မခံတဲ့သဘောနဲ့ပဲ အဖွဲ့အစည်းခေါင်းဆောင်က မိခင်တပ်ရဲ့ အမိန့်ပေးခံယူချက်အောက်မှာ မရှိတော့ဘူးပေါ့၊ ကြာကြာထားလို့ အဆင်မပြေဘူးလေ” ဟု ပြောသည်။

မြဝတီတောင်ပိုင်းရှိ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့တိုက်ပွဲပြင်းထန်နေသည့် နေရာတွင် အဆိုပါ အရာရှိနှစ်ဦးတို့ ရှေ့တန်းတပ်ဖွဲ့အဖြစ် ပါဝင်နေခြင်းဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။

“အဲ့တာကတော့ ရှေ့တန်းတပ်ဖွဲ့ဆိုတော့ နီးစပ်ရာနီးစပ်တဲ့ ဟိုဘက်အဖွဲ့ကလည်းဆွဲဆောင်စည်းရုံးတာလည်း ပါကောင်းပါနိုင်ပါတယ် အဲ့တာကြောင့်ပါသွားလည်းဖြစ်နိုင်ပါတယ်၊ လက်နက်တွေလည်းပါသွားတယ်၊ ဗဟိုက အရေးယူထုတ်ပယ်လိုက်တဲ့အပေါ်မှာ ဘာမှတော့ပြောစရာမရှိပါဘူး” ဟုပြောသည်။

ထုတ်ပြန်ထားသည့်အမိန့်စာတွင်လည်း အဖွဲအစည်းအတွင်းရှိ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးချုပ်တို့အပါအဝင် ကွပ်ကဲရေးမှုး၊ ဗျူဟာမှုးနှင့် ဌာနဆိုင်ရာ အားလုံးထံ ဖြန့်ဝေအသိပေးထားကြောင်းလည်း တွေ့ရသည်။

လက်ရှိ နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခအခြေအနေများကြားတွင် DKBA အဖွဲ့သည် အာဏာသိမ်းစစ်တပ်နှင့် NCA အရ ရပ်တည်နေဆဲဖြစ်ပြီး နယ်စပ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

NCA အရ ရပ်တည်နေဆဲဖြစ်သည့် DKBA အဖွဲ့သည် နယ်စပ်ဒေသအတွင်း လောင်းကစားနှင့်ပတ်သတ်သည့်ဖမ်းဆီးမှုများ၊ စစ်ဆေးဂိတ်တိုးချဲ့သည့်ကိစ္စများနှင့်ပတ်သတ်၍ စစ်ကော်မရှင် ပြည်သူ့စစ်အဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မကြာခဏ ပြစ်ခတ်မှုဖြစ်ပွားနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts