အယ်ဒီတာ့အာဘော်၊ မတ် ၁၀၊ ၂၀၂၆
မတ်လသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်လဖြစ်ပြီး အမျိုးသမီးများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးလှုပ်ရှားမှုကဏ္ဍများ၊ အခမ်းအနားများ တကမ္ဘာလုံးတွင် ကျင်းပလေ့ရှိကြသည်။ အမျိုးသမီးများ “စွမ်းဆောင်ရည်” ဆိုသည့် စကားလုံးကိုလည်း ကျယ်ကျယ်လောင်လောင် ကြားရသည့်လလည်း ဖြစ်သည်။ သို့သော် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် ခက်ခဲကြမ်းတမ်းသော ပကတိအခြေအနေတွင် “အမျိုးသမီးများ၏ စွမ်းအား” ဆိုသည့် စကားလုံးသည် ပိုနက်ရှိုင်းသည့် အဓိပ္ပာယ် ရှိနေသည်။
မြန်မာအမျိုးသမီးများသည် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းကြားက မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် တောင်းခံနေကြရသူများဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင် သားသမီး ဝမ်းရေးအတွက် ရုန်းကန်နေရသည့် မိခင်များ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်မားမှုကြားက အိမ်ထောင်စုတစ်စုကို အဆင်ပြေအောင် စီမံနေရသည့် အိမ်ရှင်မများ၊ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ ခြိမ်းခြောက်မှုအောက်တွင် မိသားစု ဆွေမျိုးမောင်နှမများအတွက် အမျိုးသမီးများ သောကပွေနေရသည်။

စစ်ရေးပဋိပက္ခများ၏ ဒဏ်ကို အမျိုးသမီးများက အနက်ရှိုင်းဆုံး ရင်ဆိုင် ခံစားနေကြရသည်။
စစ်ရေးပဋိပက္ခကြောင့် မိသားစု ဆွေမျိုးမောင်နှမများနှင့် ချစ်ရသူများကို ဆုံးရှုံးရခြင်း၊ အိုးအိမ်စွန့်ခွာရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့ခြင်း စသည့် ဘေးဒုက္ခပေါင်းစုံကြားက အမျိုးသမီးတို့၏ ခံနိုင်ရည်မှာ အံ့မခန်းဖွယ်ရာပင် ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ စွမ်းအားသည် နူးညံ့မှုတွင်သာမက၊ မည်မျှပင် ခက်ခဲနေပါစေ ပြိုလဲမသွားဘဲ ပြန်လည်ထူမတ်နိုင်သည့် သတ္တိများလည်း ကိန်းအောင်းနေသည်။
အာဏာရှင်အဆက်ဆက် ခေတ်အဆက်ဆက်မှာ မြန်မာစစ်တပ်မှ သွတ်သွင်းထားသည့် "ဖိုဝါဒ" ၊ အမျိုးသမီးများကို "စစ်လက်နက်" သဖွယ် သုံးပြုမှုကြောင့် ပဋိပက္ခဖြစ်ပွားလေရာ ဒေသများမှာ အမျိုးသမီးများ မလုံခြုံတော့ပါ။ တိုင်းရင်းသားဒေသအများအပြားတွင် အမျိုးသမီးအများအပြား သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခြင်းတို့ ရာချီထောင်ချီ ရှိခဲ့ကြောင်း အမျိုးသမီးအဖွဲ့ များ၏ အစီရင်ခံစာတွင် တွေ့ ရပေသည်။ အမျိုးသမီးများအတွက် တရားမျှတရေးကို ရှာဖွေ ရဦးမည်ဖြစ်သည်။
လက်ရှိအခြေအနေများအရ အမျိုးသမီးများသည် လုံခြုံမှုကင်းမဲ့သည့် ပတ်ဝန်းကျင်တွင် ပိုမိုရှင်သန်နေရသည်။ အမျိုးသမီးများသည် အကြောက်တရားကို အားအင်အဖြစ် ပြောင်းလဲပြီး နေ့စဉ်တာဝန်များကို မပျက်မကွက် ထမ်းဆောင်နေကြသည်။ ယနေ့အခြေအနေတွင် အမျိုးသမီးများကို ဂုဏ်ပြုခြင်းသည် အခမ်းအနား ကျင်းပပြီး ချီးကျူးစကားပြောကာ ဂုဏ်ပြရုံဖြင့် မလုံလောက်တော့ပေ။ အမျိုးသမီးများ ဘေးကင်းလုံခြုံရှိမှု၊ တန်းတူညီမျှစွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် အကြောက်တရားကင်းစွာ ရှင်သန်ခွင့်များအတွက် အခြေခံကျသည့် အပြောင်းအလဲများကို ဖန်တီးပေးရန် လိုအပ်နေပြီ ဖြစ်သည်။
စစ်ရေးပဋိပက္ခနှင့် ဖိနှိပ်မှုများကြားက မြန်မာအမျိုးသမီးများ၏ ရုန်းကန်မှုကို အသိအမှတ်ပြုခြင်းသည်ပင်လျှင် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခုဆီသို့ ဦးတည်သွားနိုင်မည် ဖြစ်သည်။ ခေတ်ဆိုး စနစ်ဆိုးကြီးတွင် စွမ်းအားဖြင့် တောင့်ခံနေကြသော မြန်မာနိုင်ငံက တိုင်းရင်းသားအမျိုးသမီးတိုင်းများအားလုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။



