မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ ဒူးယား၊ ကူကတော၊ ပလိုင်သိမ်း အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံတို့က စိုးရိမ်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
အင်အားရာချီရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ကား ၅ စီးဖြင့် မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က ဒူးယားကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။
စစ်ကော်မရှင် စစ်ကြောင်းသည် ရွာအဝင်အထွက်ရှိ ဇရပ်များတွင် ဖြန့်ကျက်နေရာချထားပြီး ရွာအဝင်အထွက်လမ်းများ၊ ရွာချင်းဆက်လမ်းများကိုလည်း ထိန်းချုပ်ထားသည်ဟု ဆိုသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “မနေ့ (မတ် ၄) က သူတို့ ရွာထဲမှာရှိနေတဲ့အချိန် ဘယ်မှ မသွားလာရဲကြဘူး။ အကုန်လုံး ကြောက်နေကြတာ၊ ရွာမှာလည်း ခုတလော သေနတ်သံကြားလိုက်၊ ဗုံးသံကြားလိုက်၊ စစ်ကြောင်းဝင်လိုက် အဲ့လိုဖြစ်နေတာ အခြေအနေမငြိမ်နေဘူး” ဟု ဆိုသည်။
ရွာအဝင်အထွက်လမ်းများတွင် နေရာယူထားသည့် စစ်ကော်မရှင် စစ်ကြောင်းတို့က လမ်းသွား လမ်းလာများကို စစ်ဆေးမေးမြန်းမှုများလည်း လုပ်ဆောင်နေသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အမေတို့က ရော်ဘာခြစ်ပြီး ခြံကနေ အစောကြီးပြန်လာကြတာဆိုတော့လေ သူတို့နဲ့ ဆုံတယ်။ ဘာလုပ် နေတာလဲ၊ ဘယ်ကနေပြန်လာတာလဲ၊ ဆိုင်ကယ်ဘောက်စ်ဖွင့်ခိုင်းတယ်။ လူကိုမသင်္ကာတဲ့ပုံစံနဲ့ ကြည့်တယ်။” ဟု ၎င်းက ပြောသည်။
ဖာလိန်ဒေသဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေသည့်သတင်းကြောင့် စစ်ကော်မရှင်တပ်က ယခုလိုမျိုး စစ်ကြောင်းထိုးလာသည်ဟု ဒေသခံတို့ ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင် စစ်ကြောင်းများသည် ရွာအနီးအနားတဝိုက်တပ်စွဲထားရာမှ တောတောင်ဘက်သို့ ထွက်သွားသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
ဖာလိန်ဒေသဘက်တွင် စစ်ကော်မရှင်တပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အတွက် ယခု စစ်ကြောင်းထိုး ဝင်လာခြင်းကြောင့် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။


