ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် တော်လှန်ရေးအင်းအားစုများအပေါ် ခြိမ်းခြောက်နိုင်သည့် စစ်တပ်၏ တစ်ခုတည်းသော လက်နက်မှာ လေကြောင်းတိုက်ခိုက်မှုသာ ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ စစ်သည်အင်အား၊ ခေတ်မီလက်နက် ပိုင်ဆိုင်ထားမှုများမှာ မြန်မာစစ်တပ်နှင့်ပင် မတိမ်းမယိမ်းဖြစ်လာသော်လည်း နိုင်ငံအတွင်း တိုက်လေယာဉ်ပိုင်ဆိုင်မှု နေရာယူထားသည်မှာ စစ်တပ်ပင် ဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလ စစ်တပ်၏ ရှေ့လုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရေးအတွက် ဖိအားတစ်ခုအဖြစ် လေကြောင်းတိုက်ခိုက်မှုကို သုံးလေ့ရှိကြောင်း စစ်ရေးသုတေသီများက ဆိုသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ နိုင်ငံတွင်း အင်အားကြီးလက်နက်ကိုင်တပ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာရက္ခတပ်တော် AA တို့ လှုပ်ရှားနယ်မြေ ကချင်၊ ရခိုင် ဒေသများကို ဦးတည်လာသည်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကိုပင် တိုက်လေယာဉ်များဖြင့် အင်အားပြ ခြိမ်းခြောက်ပြီး မြို့အနီးရှိ ရွာများကို ဗုံးကြဲပြသည်။
IMNA က ပြုစုထားသည့်စာရင်းများအရ ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းရှိခဲ့သည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ဟို စစ်တပ်ဘက်ကတော့ ဒီသူတို့လေယာဉ်ကွင်းကို ကျွန်တော်တို့က တိုက်လို့ လက်တုံ့ပြန်ပါတယ်ဆိုတာမျိုး ပြောတာပေါ့နော်။ ကျွန်တော်တို့ကတော့ မတိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို အခုလိုတိုက်လာတယ်ဆိုတာက ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုမျိုး တိုက်ခိုက်လို့ တွေ့ဆုံဆွေးနွေးတာတွေရှိလာမယ်လို့ စစ်တပ်က ထင်နေတယ်လို့ထင်တယ်။ ဒါပေမဲ့ ဒီလို စစ်ရေးဖိအားနဲ့ လုပ်တာက အမှန်တကယ် ဆွေးနွေးခဲ့ရင်တောင်။ ခုထိတော့ ဆွေးနွေးဖို့ မကြားမိသေးဘူး။ ပြောချင်တာက ဆွေးနွေးရင်တောင် သူတို့အတွက် အသာစီးရဖို့ ဖိအားပေးတာက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်” ဟု ပြောသည်။
KIA သည် လက်ရှိတွင် ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆက်လက် ဖော်ဆောင်နေပြီး အခြေစိုက်တပ်ရင်းတစ်ခုနှင့် ကာကင်းစခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ရည်ရွယ်ချက်မှာ AA ကို ပြည်သူမထောက်ခံစေရန်ဖြစ်နိုင်သည်ဟု ရခိုင်နိုင်ငံရေးသမားများက ရှုမြင်သည်။
“ပြည်သူတွေနေ့စဉ်ဘဝ မတည်ငြိမ်အောင် ULA AA အောက်မှာ ပြည်သူတွေ လုံခြုံမှု မရှိဘူးလို့ခံစားရပြီး ငြိုငြင်လာအောင် စိတ်ဝမ်းကွဲလာအောင် စစ်ဘေးရှောင်တွေများပြီး ဒုက္ခရောက်အောင် ဖိအားပေးနေတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ထင်သလို ဖြစ်လာမဲ့အစား ပိုပိုနာကျည်းမှုတွေနဲ့ တုန့်ပြန်မှုဘဲ ရလာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ သွေးစွန်းတဲ့ သမိုင်းမှတ်တမ်းဆိုးတွေကတော့ သမိုင်းမှာ ကျန်ခဲ့ပါလိမ့်မယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
စစ်တပ်သည် ထို့ကဲ့သို့ ဖိအားပေးခဲ့သည့် အနီးစပ်ဆုံးဖြစ်ရပ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများ ပြန်ရရေးတွင် သုံးခဲ့ဖူးသည်။
“အခု သူတို့သွားနေတဲ့လမ်းက ငြိမ်းချမ်းရေးအတွက်လို့ ပြောလို့မရဘူး။ ယာယီ အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်သွားမှာ။ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပြီး တစ်နိုင်ငံလုံးကို လက်ဝါးကြီးအုပ်ထားနေသမျှကာလပတ်လုံး အပစ်အခတ်တော့ခဏ ရပ်ရင် ရပ်သွားမယ်။ ဒါကနောက်တစ်ကြိမ်ပြန်တိုက်ဖို့ အားယူနေကြတဲ့အခြေအနေသာ ဖြစ်သွားမယ်။ NCA ကိုပဲကြည့် ဆယ်နှစ်သာပြည့်သွားတယ်။ အခုထိတိုက်နေကြတုန်း” ဟု စစ်ရေးသုတေသီတစ်ဦးက ထောက်ပြသည်။
လက်ရှိတွင် အစိုးရအသစ် ပေါ်ပေါက်လာရေးနှင့်အတူ နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း နေပြည်တော်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမတ် ဘူးလက်လှဆွေက ထုတ်ပြောထားသည်။



