Sunday, March 8, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာန၏ စာမေးပွဲသာ ရွေးချယ်ဖြေဆို

    မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာန၏ စာမေးပွဲသာ ရွေးချယ်ဖြေဆို

    -

    ယခုပညာသင်နှစ်တွင် မွန်ပြည်သစ်ပါတီ မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ  တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့၏ အခြေခံပညာ ဒွါဒဿမတန်းစာမေးပွဲကိုသာ ရွေးချယ်ဖြေဆိုသူများကြောင်း ကျောင်းသားမိဘများမှ သိရသည်။

    မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများကို အဆင့်မြင့်ပညာရေးသို့ ပညာဆက်လက်သင်ကြားနိုင်ရန် အစိုးရစစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သို့) မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့မှ ပြုလုပ်သည့် ဒွါဒဿမတန်းစာမေးပွဲကို ဖြေဆိုရန် စာသင်နှစ်အစမှ ရွေးချယ်ခွင့်ပေးထားကြောင်း သိရသည်။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် သင်ခန်းစာပိုမိုကျက်မှတ်ရခြင်းနှင့် သင်ကြားသင်ယူမှုအခက်အခဲများအပြင် မိမိတို့ပညာရေးဌာမှ ပြုလုပ်သည့် စာမေးပွဲမှတစ်ဆင့် မွန်အမျိုးသားကောလိပ်သို့ တက်ရောက်ခွင့်ရှိသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူနည်းသွားကြောင်းလည်း ညီစားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    ပုံ-MNEC 

    “အစိုးရဘက်မဖြေနေဘူး၊ မွန်အမျိုးသားကျောင်းကစာမေးပွဲပဲဖြေတယ်၊ ကျမတို့ရွာကကလေးတွေ အဲ့လိုရွေးကြတာလည်းများတယ် သူတို့ပြောတာကျတော့ တစ်ဖက်ပဲလုပ်ရရင် ပိုသက်သာတယ်၊ သူတို့က မွန်အမျိုးသား ကောလိပ်ကိုတက်ဖို့ပဲရည်ရွယ်ထားကြတော့လေ။ အစိုးရဘက်ကနေဆို စာဖတ်ရတာများတယ်။ စာပိုကြိုးစားရလို့ ဒီမွန်အမျိုးသားမေးခွန်းကျတော့ စာသိပ်မဖတ်ထိဘူး ၊စာဖတ်၊ စာကြိုးစား ရတာမဟုတ်ဘဲနဲ့ လေ့လာရတာမျိုးပေါ့ ” ဟု ပြောသည်။

    ၎င်းအပြင် ညီစားမွန်အမျိုးသားအထက်တန်းကျောင်းတွင် မွန်အမျိုးသားပညာရေးကော်မတီမှ ပြုလုပ်သည့်စာမေးပွဲဖြင့် ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ထားသူများကို ကိုယ်ပိုင်သင်ရိုးစနစ်ဖြင့် သင်ခန်းစာများကို အကောင်အထည်ဖော်သင်ကြားနေခြင်းများလည်းရှိကြောင်း သိရသည်။

    IMNA မှ မေးမြန်းဆက်သွယ်ချက်အရ သံဖြူဇရပ်မြို့နယ်၊ပငရွာ မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူ ၁၁ ဦးအနက် ၉ ဦးတို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုတော့ဘဲ မွန်အမျိုသားပညာရေးကော်မတီမှ ပြုလုပ်သည့် စာမေးပွဲကိုသာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်း၊  ရေးမြို့နယ် အံဒင်းကျောင်းမှလည်း မွန်အမျိုးသားပညာရေးကော်မတီ၏ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူရှိသလို နှစ်ခုစလုံး ရွေးချယ်ဖြေဆိုသူများလည်းရှိသည်။

    တစ်ဖက်တွင်လည်း တက္ကသိုလ်ဝင်တန်းအောင်ချက်တိုးစေရေး စာသင်နှစ်ဝက်မှစ၍ Grade-12 ကျောင်းသားများကို ရေးမြို့ပေါ်ရှိ  ဝါရင့်ဆရာ၊ဆရာမများမှ  ကြပ်မတ်သင်ကြားနေခြင်းလည်းရှိကြောင်း မွန်အမျိုးသားကျောင်းဆရာတစ်ဦးက ပြောသည်။

    “မနှစ်တုန်းကတော့ အောင်တဲ့သူတွေမရှိနေဘူး၊ မနှစ်တုန်းကကိုယ့်ကျောင်းနဲ့ကိုယ်ပဲနီးလာတော့မှ ဖြေဖို့လုပ်တယ် ဒီနှစ် ၁၂ တန်းကို နှစ်ဝက်လောက် ကနေစပြီးတော့ အံဒင်းက ၁၂ တန်းသင်နေတဲ့ဆရာ၊ ဆရာမတွေဆိုတစ်ပတ်တစ်ခါနှစ်ယောက်စီပေါ့ စောင့်ပေးတယ်၊ စာကျက်ဝိုင်းတွေမှာ ကြီးကြပ် လုပ်ဆောင်နေတယ်၊ ရှင်းပြပေးတာတွေလုပ်နေတယ် ဆရာ၊ဆရာမတွေလည်း ဝါရင့်တွေကို ရွေးထုတ်ပြီးသင်ခိုင်းတယ်၊ ဒီနှစ်အတွက်အောင်ချက် ကောင်းအောင်ပေါ့ အဲ့လို့စီစဉ်လာတယ်” ဟုပြောသည်။

    ပြီးခဲ့သည့် ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၂၇ ဦးအနက် ၆ ဦးသာရှိခဲ့သည်။

    ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် မတ်လ ၁၁ ရက်နေ့မှစပြီး၊ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဟု စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး မွန်အမျိုးသာပညာရေးကော်မတီ၏ အခြေခံပညာ ဒွါဒဿမတန်းစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

    အဆင့်မြင့်ပညာရေးလောကမှ ကျွမ်းကျင်သူများက မွန်အမျိုးသားပညာရေးဌာနအနေဖြင့် အစိုးရပညာရေးကို မှီခိုခြင်မပြုဘဲ ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် အထက်တန်းစာမေးပွဲများကျင်းပမည်ဆိုလျှင် မွန်အမျိုးသာပညာရေးဌာန၏ ပညာရေးအဆင့်အတန်းပိုမိုခိုင်မာလာမည်ဟု ထောက်ပြပြောဆိုမှုများလည်းရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks