တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် တစ်သောင်းနီးပါး ကားလမ်းပိတ်ဆို့ခြင်းနှင့် ဖုန်းလိုင်းဖြတ်တောက်ထားခြင်းကြောင့် အကူအညီရရှိရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ ပလောက်-သရက်ချောင်းလမ်းပိုင်းကို လုံခြုံရေးအခြေအနေအရ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားစဉ် ထွက်ပြေးတိမ်ရှောင်နေရသည့် သရက်ချောင်း စစ်ဘေးရှောင်များအတွက် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရသည်။
ဖုန်းလိုင်းလည်း ဖြတ်တောက်ခံထားရသဖြင့် မြေပြင်သတင်းအချက်အလက်ပြတ်တောက်လျှက်ရှိပြီး အကူအညီပေးသူများ မရောက်ရှိနိုင်ကြောင်းလည်း စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“လမ်းတွေလဲ ပိတ်ထားတယ် သွားလာလဲ မရနေဘူး စားစရာတွေလဲ ပြတ်နေတယ်။ ဆန်၊ဆီ၊ဆားကအစ အကုန်လိုအပ်နေတာ အခြေအနေက တော်တော်ဆိုးနေတာ။ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ် တစ်ချို့ဆိုင်တွေဆို ဘာမရှိတော့ဘူး။ အဲ့ကြောင့် စစ်ဘေးရှောင်အချို့ သူနည်းသူ့ဟန်နဲ့ ခက်ခက်ခဲခဲ မြို့ပေါ် တက်သွားကြတယ်၊ စစ်ရှောင်အတွက် ရိက္ခာအများကြီး လိုအပ်နေတာ။ လိုင်းတွေလဲ ဖြတ်တော့ထားတယ်ဆိုတော့ အဆက်အသွယ်လဲ ရဖို့ခက်ခဲနေတယ်” ဟု ဆိုသည်။
စစ်ဘေးရှောင်နေသည့် သရက်ချောင်းမြို့နယ်အတွင်း ကြက်သွန်နီ ၁ ပိသာ ၁၀၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်၊ ဆီ ၁ လီတာလျှင် ၁ သောင်းကျပ်အထိ ဈေးကြီးပေး ဝယ်ယူနေရသည်။
စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တိုက်ပွဲများနေ့စဉ်နီးပါး ဆက်လက်ပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်တွင် လေကြောင်းနှင့် ရေလမ်းကြောင်းမှလည်း ဗုံးများဆက်တိုက် ကျဲချတိုက်ခိုက်နေသည်။
လက်ရှိအချိန်အထိ သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝင်းဝ၊ ချောင်းဝပြင်၊ ချောက်ချောင်း၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ဂုံညင်းဆိပ်နှင့် ကနက်သီရိကျေးရွာစသည့် ကျေးရွာ (၂၀) ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ဘေးရှောင်များသည့် ထားဝယ်မြို့ပေါ်သို့ လူဦးရေအနည်းစုသာ ပြောင်းရွေ့တိမ်းရှောင်နိုင်ပြီး အများစုသည် တောဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“သရက်ချောင်းဘက်မှာက ကျေးရွာ ၂၀ရွာလောက်က နှစ်ဖက်တိုက်ပွဲကြောင့်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လနီးပါး စစ်ရှောင်နေရတာ ဘေးလွတ်တဲ့နေရာ တောဘက်ကို ရှောင်သွားကြတာ ဒီနေ့မှ အခြေအနေ နည်းနည်း ကောင်းလို လူအနည်းစုက မြို့ပေါ်ကို ပြောင်းသွား အများစုကတော့ တောဘက်မှာပဲ လူဦးရေးက တစ်သောင်းနီးပါးရှိမယ်” ဟု တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲနှင့်အတူ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိခဲ့သော်လည်း မြေပြင်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်များကို IMNA မှ အတည်ပြုနေဆဲဖြစ်သည်။
ယနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၇ နာရီ ခွဲအချိန်ခန့်တွင် ဝင်းဝရွာ အအနီးတဝိုက်တွင် ကင်းထောက်လေယာဉ်များ ပျံဝဲနေပြီး စစ်ကော်မရှင်စစ်ကြောင်းလည်း ဝင်းဝစခန်းတွင် ရောက်ရှိနေသည့်အတွက် အရပ်သားပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြရန် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ တိုက်တွန်းပြောဆိုထားသည်။



