Saturday, April 4, 2026
More
    spot_img
    Homeသတင်းနှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်နေ

    နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးဝင်းမြင့်ဦး ဖမ်းဆီးခံထားရပြီး ၇ ရက်ကြာသည်အထိ အဆက်အသွယ်မရရှိသေးကြောင်း အသင်းအဖွဲ့နှင့် နီးစပ်သူများက IMNA သို့ပြောသည်။

    နှစ်ကရင်ကျေးရွာအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကော်မရှင်တပ်သားများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့မှ  ဦးဝင်းမြင့်ဦးကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

    မည်သည့်အကြောင်းကြောင့် ဝင်ရောက်ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည်ကို မသိရသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်ပြတ်နေကြောင်း နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    ပုံ-နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်း

    “မနေ့ကမှ စုံစမ်းမေးမြန်လိုက်တော့ ကိုဝင်းမြင့်ဦးက ရေးမြို့မှာ ရောက်နေတယ်လို့ပြောကြတယ်။ ဒါပေမဲ့ ဘယ်မှာနေနေလဲ၊ ဘယ်လိုအခြေအနေရှိနေလဲ မသိရသေးဘူး။ စစ်တပ်ဘက်ကလည်း ဘာအဆက်အသွယ်မှ မပေးဘူး” ဟု လူမှုကယ်ဆယ်ရေးအသင်းနှင့် နီးစပ်သူက ဆိုသည်။

    ဖမ်းဆီးခံရပြီးနောက် ဦးဝင်းမြင့်ဦးကို ရေးမြို့သို့ပို့ဆောင်ခဲ့ကြောင်း ကနဦးသတင်းရရှိထားသော်လည်း၊ ယနေ့အထိ ထိန်းသိမ်းထားသည့်နေရာအတိအကျနှင့် ကျန်းမာရေးအခြေအနေများကို မသိရှိရသေးပေ။

    ပြီးခဲ့သည့် နိုဝင်ဘာလက ဦးဝင်းမြင့်ဦး၏ မင်္ဂလာဆောင်ပွဲသို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ လာရောက်ဝိုင်းဝန်းကူညီမှု လုပ်ဆောင်ခဲ့သဖြင့် အဆိုပါအကြောင်းအရာကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သက်မှုရှိသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်လည်း ဆိုသည်။

    “တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တို့အကြား နှစ်ကရင်မှာ တိုက်ပွဲဖြစ်ပြီး နောက်နေ့မနက်မှာပဲ စစ်တပ်ဘက်က ဦးဝင်းမြင့်ဦးကို သူရဲ့နေအိမ်မှာ ဖမ်းဆီးလိုက်တယ်။ ဘာလို့ဖမ်းလဲဆိုတော့ သူကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်နေတယ်လို့ စွပ်စွဲထားတယ်” ဟု အထက်ပါ နီးစပ်သူတစ်ဦးက ဆိုသည်။

    နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းသည် ရေးနှင့်သံဖြူဇရပ်မြို့နယ်အတွင်း အရေးပေါ်အကူအညီလိုအပ်သည့် ဒေသခံများအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လက်ရှိအသင်းဥက္ကဌ ဖမ်းဆီးခံထားရသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။

    နှစ်ကရင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရွာအတွင်း အင်အား ၁၅၀ ခန့်ဖြင့်ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို  မွန်ပြည်တော်လှန်ရေးတပ် (MSRF)အပါအဝင် ညီနောင်ဒရုန်းတပ်ဖွဲ့များက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးနှင့် ရေးမြို့နယ်ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများသည် ဒေသခံများ၏ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူဆောင်ခြင်းအပြင် ၎င်းတို့ပစ်ခတ်တိုက်ခိုက်ခံရသည့် ကျေးရွာများမှ ဒေသခံများကို ငြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks