Homeသတင်းရေးနှင့်သံဖြူဇရပ်ရှိ စစ်ကော်မရှင်ရဲစခန်းအပါအဝင် စစ်ကြောင်းအဖွဲ့များကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ဟု MSRF ထုတ်ပြန်

ရေးနှင့်သံဖြူဇရပ်ရှိ စစ်ကော်မရှင်ရဲစခန်းအပါအဝင် စစ်ကြောင်းအဖွဲ့များကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ဟု MSRF ထုတ်ပြန်

-

မွန်ပြည်နယ်၊ ရေးနှင့်သံဖြူဇရပ်မြို့နယ်တွင် စစ်ကော်မရှင်ရဲစခန်းတစ်ခုအပါအဝင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့များကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရဲစခန်းကို MSRF ပါဝင်သည့် ညီနောင်ဒရုန်းတပ်ပေါင်းစုမှ ဗုံးသီး (၂) လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုအခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

၎င်းအပြင် ဖေဖော်ဝါရီ ၂၂ နှင့် ၂၃ ရက်နေ့တွင် ရေးမြို့နယ်အတွင်း အင်အား ၁၅၀ နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် နှစ်ကရင်ရွာနှင့် အောင်သပြေကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

အောင်သပြေကျေးရွာ နှစ်ဖက်တိုက်ပွဲသည် ၄၅ မိနစ်ကြာ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ တိုက်ပွဲအတွင်း စစ်အင်အား၊ လက်နက်အင်အားအလုံးအရင်းဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း အများအပြားပစ်ခတ်ခဲ့သည်ဟု MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က IMNA သို့ ပြောကြားသည်။

ပုံ-MSRF

“သူတို့ရဲ့ အဲ့ဒီစစ်ကြောင်းကိုပဲ နှစ်ဖွဲ့ခွဲထားတယ်။ တစ်ခုကို ဖွက်ထားတယ်။ သူတို့ဖွက်ထားပြီးတော့ ဒီမဟာမိတ်တပ်ရဲ့ ပစ်မှတ်အရင်ထိပြီး တိုက်ပွဲဖြစ်တယ်။ သူတို့စစ်ကြောင်းထဲမှာဆို စနှိုက်ပါသမားလည်း ပါလာတယ်လို့ သတင်းကြားရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဘက်မှလည်း ရဲဘော် ( ၂ )ဦး ကျဆုံးသွားခဲ့ရသည်ဟု သိရသည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် ( MSRF )၊ ရေးပြည်သူ့ ကာကွယ်ရေးတပ် ( YPDF )၊ ရေးပြောက်ကျားတပ် ( YGF )၊ KNLA တပ်ရင်း ( ၂၇ ) တပ်ခွဲ ( ၁ ) ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် ၂၀၂၆ ခုနှစ်နှစ်ဆန်းပိုင်း၌ စစ်ကော်မရှင်အဖွဲ့မှ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွါးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts