Homeသတင်းပိုင်ကျုံမြို့တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသည့်ကြား မူလတန်းနှင့်အလယ်တန်းပြီးမြောက်ကြောင်း စာမေးပွဲများ ကျင်းပနေဆဲဖြစ်သဖြင့် ဒေသခံများ တိမ်းရှောင်ရန်ခက်ခဲ

ပိုင်ကျုံမြို့တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသည့်ကြား မူလတန်းနှင့်အလယ်တန်းပြီးမြောက်ကြောင်း စာမေးပွဲများ ကျင်းပနေဆဲဖြစ်သဖြင့် ဒေသခံများ တိမ်းရှောင်ရန်ခက်ခဲ

-

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားနေသော်လည်း အခြေခံပညာကျောင်းများတွင် မူလတန်းနှင့်အလယ်တန်းပြီးမြောက်ကြောင်းစာမေးပွဲများ ကျင်းပနေသဖြင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် ခက်ခဲနေသည်ဟု ကျောင်းသားမိဘများ၏ ပြောပြချက်အရ သိရသည်။

ပိုင်ကျုံမြို့အနီး တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပိုင်ကျူံမြောက်ပိုင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ တပ်စွဲထားသည့်နေရာသို့ စစ်ကြောင်းထိုးလာသည့်အတွက် လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသော်လည်း အခြေခံပညာကျောင်းများတွင် လက်ရှိကျင်းပနေသည့် မူလတန်းနှင့်အလယ်တန်းပြီးမြောက်ကြောင်း စာမေးပွဲများ ဆက်လက်ကျင်းပနေဆဲဖြစ်သဖြင့် လုံခြုံရေးအခြေအနေ အားနည်းနေသည့်ကြားမှ ကလေးများကို ကျောင်းပို့ထားရကြောင်း ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်၊

“ လူတွေမနေရဲလောက်အောင် ဖြစ်ပျက်နေကြတာကို သူတို့က ကလေးတွေကို စာမေးပွဲဖြေရမယ်ဆိုပြီး ကျောင်းပြန်သွားခိုင်းနေတယ်။ ကလေးတွေကို စာမေးပွဲကိစ္စနဲ့ စစ်ဘေးဒဏ်နဲ့ မဖြေမနေရစနစ် ကျင့်သုံးလို့ မရပါဘူး။ ကျနော်တို့သားသမီးတွေ မတော်တဆများ အသက်အန္တရာယ် ကြုံတွေ့သေဆုံးခဲ့ရင် ဘယ်ကျောင်းအုပ်၊ ဘယ်မြို့နယ်၊ ဘယ်တာဝန်ရှိသူကမှ တာဝန်ပေးနေတာ မဟုတ်ဘူး” ဟု အထက်ပါ ကျောင်းသားမိဘက ပြောသည်။

စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနမှ မူလတန်းအဆင့် စစ်ဆေးပြီးမြောက်ခြင်း Grade-5 စာမေးပွဲနှင့် အလယ်တန်းအဆင့် ပြီးမြောက်စစ်ဆေးခြင်း Grade-9 စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစ၍ ဘာသာရပ်အလိုက် ပိတ်ရက်မရှိ ကျင်းပနေကြောင်း သိရသည်။

ပိုင်ကျုံမြို့နှင့်အနီးတစ်ဝိုက်တွင်  ယနေ့တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအခြေအနေ ငြိမ်သက်နေသော်လည်း စာမေးပွဲကာလနောက်ပိုင်း ဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

ယမန်နေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပိုင်ကျုံမြို့အနီးရှိ မိုးနိုင်းကျေးရွာတွင်  ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လော်စောဒေးကျေးရွာ စာသင်ကျောင်းမှ ကျောင်းသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပိုင်ကျုံဒသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကတော့ မနက်ပိုင်းကနေ ညနေ ၄ နာရီအထိကို ထုနေကြတာ။ လက်နက်ကြီးကတော့ တစ်ချက်ပဲ။ ကျန်တာက ဒရုန်းတွေ အချက်ပေါင်းမနည်းဘူး၊ ထုနေတာ။ နာရီဝက်ကိုတစ်ခါ အဲလိုထုတာ ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် ပိုင်ကျုံဒေသခံပြည်သူအချို့ ဘားအံမြို့နယ်နှင့် နီးစပ်ရာကျေးရွာဘက်သို့ ယာယီတိမ်းရှောင်နေသူများရှိသလို အခြေအနေစောင့်ကြည့်နေသူများလည်းရှိသည်ဟု ဆိုသည်။

လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့ဘက်ကို စစ်ကော်မရှင်အဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှစ၍  စစ်အင်အားဖြည့်တင်းလာနေပြီး ယခုကဲ့သို့ အပြင်ထွက်စစ်ကြောင်းထိုးလာခြင်းသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များကို သွေးတိုးစမ်းနေသည့်သဘော ဖြစ်နိုင်ကြောင့် KNU ပိုင်ကျုံမြို့နယ်တာဝန်ရှိသူက KIC သတင်းဌာနသို့ ပြောဆိုထားသည်။

စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး သွားလာလုံခြုံရေးအခြေအနေအရပ်ကြောင့် စစ်အာဏာသိမ်းစဉ်အတွင်း ကရင်ပြည်နယ်မှ နှစ်စဥ် ဝင်ရောက်ဖြေဆိုသူ လျော့နည်းနေကြောင်းလည်း စစ်ကော်မရှင် အချက်အလက်များအရ သိရသည်။

ပုံ- ပေးပို့ (မိုးနိုင်းကျေးရွာ ယနေ့ မနက်ပိုင်းမြင်ကွင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts