spot_img
Monday, January 26, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်အတုအယောင်ရွေးကောက်ပွဲမှသည် အတုအယောင်ဒီမိုကရေစီ ခေတ်သစ်အာဏာရှင်စနစ်

    အတုအယောင်ရွေးကောက်ပွဲမှသည် အတုအယောင်ဒီမိုကရေစီ ခေတ်သစ်အာဏာရှင်စနစ်

    -

    အယ်ဒီတာ့အာဘော်

    ပြီးခဲ့သည့် စစ်ကော်မရှင်မှ ပြုလုပ်သည့် ရွေးကောက်ပွဲကို သုံးသပ်ကြပါစို့။ တိုင်းရင်းသားအင်အားစုများ၊ဖက်ဒရယ်အင်အားစုတို့မှ ၎င်းရွေးကောက်ပွဲအား လွတ်လပ်တရားမျှတ (Free and Fair) မှု မရှိ၊ အတုအယောင် ရွေးကောက်ပွဲဟု ပြောဆိုခဲ့သည်။ အချို့သော အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းမှ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့်အတွက် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်း ထောက်ပြထားပေသည်။

    စစ်ကော်မရှင်၏ ပြုလုပ်သည့် ရွေးကောက်ပွဲ၏ အဓိက ရည်ရွယ်ချက်ကား မြန်မာစစ်တပ်၏ အာဏာကို
    တမျိုးတဖုံ ပြုပြင်ပြီး နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်ထားရန် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများ အာဏာ ပြန်လည် မရရှိရေးကို ရည်ရွယ်ပေသည်။ တနည်း ပြောရမည် ဆိုပါက၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်ပိုင်း စစ်တပ်သည် အစပျိုးလာသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

    အတုအယောင်ရွေးကောက်ပွဲသည် အတုအယောင်ဒီမိုကရေစီစနစ်ကို နိုင်ငံတကာကြည့်ကောင်းအောင် ဖော်ဆောင်သွားမည်ဖြစ်ပေသည်။ ဒီမိုကရေစီစနစ်တွင် ရှိသင့် ရှိထိုက်သည့် အာဏာ (၃) ရပ်ရှိသယောင် ဖော်ဆောင်ထားမည် ဖြစ်သည်။ ၂၀၀၈ ခြေဥအရ ပြည်ထောင်စုတရပ်ရှိပြီး ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်မှ ထိန်းချုပ်ထားကာ အခြားသော လွတ်တော်ကိုယ်စားလှယ်များမှာလည်း စစ်တပ်လူထွက်များသာ ဖြစ်သည်။ ရွေးကောက်ပွဲတွင် အောင်နိုင်သည့် တိုင်းရင်းသားပါတီနှင့် အခြားပါတီတို့၏ လွှတ်တော်ကိုယ်စားလှယ်မှ (၅၀) ရာခိုင်နှုန်း မကျော်ပေ။ ပြည်ထောင်စုလွတ်တော်တွင်ကား စစ်တပ်မှ ကြိုက်သလို ချယ်လှယ်နိုင်မည် ဖြစ်သည်။ တိုင်းရင်းသားပါတီများကား စစ်တပ် (သို့) ကြံ့ခိုင်ရေးပါတီ၏ လက်ပါးစေ နိုင်ငံရေးအစုအဖွဲ့များ ဖြစ်သွားပေမည်။ “ထားရာနေ စေရာသွား စေရာခိုင်း” အခြေအနေသာ ဖြစ်သည်။

    ၂၀၂၆ ခုနှစ်တွင် ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်များဖြင့် အတုအယောင်ဒီမိုကရေစီတရပ်ကိုစစ်တပ်လူထွက် ကြံ့ခိုင်ရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) မှ ဦးဆောင်မည်။ သို့ရာတွင် ၂၀၀၈ ခြေဥအရလက်ရှိ စစ်အာဏာရှင် (သို့ ) အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည့်အခြေအနေရှိသည်။ ထို့ကြောင့် မင်းအောင်လှိုင် သို့မဟုတ် အခြားစစ်ဗိုလ်ချုပ်တဦးဦး၏ အစိုးရသည်အတုအယောင်ဒီမိုကရေစီ ခေတ်သစ်အာဏာရှင်စနစ်ကို ၂၀၀၈ ခြေဥအောက်တွင် ဖော်ဆောင်သွားမည်။

    နိုင်ငံတကာ မျက်နှာစာတွင်ကား ရုရှား၊ မြောက်ကိုးရီးယား၊ ကမ္ဘောဒီးယား စသည့် အာဏာရှင်နိုင်ငံများမှထောက်ခံမည်ဖြစ်သည်။အခြားသော မိမိနှင့် သဘောထား မတူသည့် နိုင်ငံရေးအင်အားစု အပြီးအသတ်နှိမ်နင်ပြီးနိုင်ငံရေးအာဏာကို အပြတ်ရယူထားသည့် စစ်တပ်သည် နိုင်ငံအတွင်းတွင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ ဖက်ဒရယ်ဒီမိုကရေစီစနစ် အပေါ် သက်ဝင်ယုံကြည်သည့် တော်လှန်ရေးများမှလည်း ၎င်းတို့ ရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည့်အတွက် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးကား ရှည်ကြာဦးမည်ဖြစ်ပြီး၊အတုအယောင်ဒီမိုကရေစီ ခေတ်သစ်အာဏာရှင်စနစ်အောက်တွင် စီးပွားရေး၊ လူမူရေး အခက်အခဲများစွာဖြင့် ကြုံတွေ့ သွားရမည့် အခြေအနေရှိကြောင်း စိတ်မကောင်းစွာတင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts