Sunday, March 8, 2026
More
    spot_img
    Homeသတင်းဇန်နဝါရီတတိယအပတ်အတွင်း ရေးဒေသခံအမျိုးသား ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူမရှိသေး

    ဇန်နဝါရီတတိယအပတ်အတွင်း ရေးဒေသခံအမျိုးသား ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူမရှိသေး

    -

    လွတ်‌လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၅။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီတတိယအပတ်အတွင်း ရေးဒေသခံအမျိုးသား ၁၀ ဦး ထက်မနည်း စစ်ကော်မရှင်အဖွဲ့ထံ ဖမ်းဆီးခံထားရပြီး ပြန်လွတ်လာသူများမရှိသေးသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်ပြတ်နေကြောင်း ရေးသတင်းအရင်းမြစ်များမှ သိရသည်။

    စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ကနင်ကမော့ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့၌ စစ်ကော်မရှင်စစ်ကြောင်းထံ ဒေသခံအမျိုးသား ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်ဟု သိရသည်။

    အလားတူ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ရေးမြို့ပေါ်၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းခြင်းဟုဆိုကာ လူငယ် ၆ ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိ ဖမ်းဆီးခံထားရသူများသည် ကနင်ကမော့၊ ဆုံဆည်းမြိုင်၊ ကွမ်ကျိုက်၊ အဘော်နှင့် ဒူရာ‌ကျေးရွာဒေသခံများ ပါဝင်နေပြီး ရေးမြို့နယ်အခြေစိုက်တပ်ရင်းတစ်ခုထံ ပို့ဆောင်ထားသည်ဟု သတင်းရရှိသော်လည်း တပ်ရင်းအတိအကျ မသိရှိရသည့်အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေဆဲဟု ဆိုသည်။

    “ ဒီရက်ပိုင်း အဖမ်းခံရတဲ့သူတွေက အကုန်အမျိုးသားတွေပဲ။ အသက်ငါးဆယ် ခြောက်ဆယ်အရွယ် ကျောင်းဒယကာတစ်ဦးလည်းပါတယ်။ ရေးမြို့ပေါ်မှာ အဖမ်းခံရတာ အကုန်လူငယ်တွေပဲ အဆက်အသွယ်လဲ မရသေးဘူး သူတို့(စစ်တပ်)ကိုမေးလိုက်တော့ ဟိုတပ်ရင်းမှာရှိတယ်၊ ဒီတပ်ရင်းမှာရှိတယ်ပြောလည်း သွားကြည့်တော့လည်း မရှိနေဘူး ” ဟု သူကပြောသည်။

    အဆိုပါ ဖမ်းဆီးခံရသူများတွင် ကျောင်းဒါယကာတစ်ဦးလည်း ပါဝင်ပြီး ကျောင်းဒါယကာထံ ရွာဆရာတော်မှ အပ်နှံထားသည့် အလှူငွေသိန်း ၁၀၀ ဝန်းကျင်ကိုလည်း အဆိုပါစစ်ကြောင်းအဖွဲ့မှ သိမ်းယူခဲ့သည်ဟု ဆိုသည်၊

    စစ်ကော်မရှင်တပ်စစ်ကြောင်းအဖွဲ့များသည် ရေးမြောက်ပိုင်းရွာများဖြစ်သည့် အောင်သပြေ၊ အောင်သာယာ၊ နှစ်ကရင်လမ်းဝ၊ ကနင်ကမော့ကျေးရွာနှင့် ကွမ်ကျိုက်ကျေးရွာတစ်ဝိုက် အင်အားရာနှင့်ချီဖြင့် ဇန်နဝါရီဒုတိယအပတ်မှစ၍ ယနေ့အထိ စခန်းချဖြန့်ကျက်ထားသည်။

    အဆိုပါစစ်ကြောင်းအဖွဲ့ စစ်ကြောင်းထိုးရာလမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်းအပြင် တန်ဖိုးရှိကြီးပစ္စည်းများကို သိမ်းယူခြင်း၊ လက်ကိုင်ဖုန်းများကို သိမ်းယူစစ်ဆေးနေကြောင်းလည်း ဒေသခံများက ပြောသည်။

    တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုရှိသည့် ကျေးရွာဘက်သို့လည်း ဒရုးန်းဖြင့် ဗုံးကြဲချနေခြင်းကြောင့် ခြံသမားနှင့်ဒေသခံများ ခြံအတွင်း သွားလာနေထိုင်ခြင်း မပြုလုပ်ရန် သတိပေးပြောဆိုထားသည်ဟု စစ်ကော်မရှင်အဖွဲ့နှင့်နီးစပ်သူ ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ဆိုသည်။

    “စစ်တပ်က ဒရုန်းနဲ့ ဆက်တိုက်ပစ်နေတယ် နေ့တိုင်းနီးပါးပဲ ညဘက်ဆိုလဲ လက်နက်ငယ်နဲ့ ပစ်နေတယ်၊ ပြီးတော့ သူတို့(စစ်တပ်)က ဗုံးပစ်ချနေတယ်နေတယ်တော့ခြံမှာ မနေဖို့လဲ ပြောထားတယ် ခြံသမားတွေက ခြံမှာနေလဲ ပြေးနေရတယ်လေ သူစစ်ဆေးတာလဲရှိတယ်၊ ပစ္စည်းတွေယူ‌လိုက်တယ်၊ အဲကြောင့်အခုတလော ခြံသိပ်မသွားကြဘူး ကြောက်နေကြတာ” ဟု အမျိုးသားတစ်ဦးက ပြောသည်။

    စစ်‌ကော်မရှင်စစ်ကြောင်းသည် ယနေ့အချိန်ထိ ရေးမြောင်ပိုင်းအတွင်းရှိ ကျေးရွာများသို့ လှည့်ပတ်စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေသည့်အပြင် ဖမ်းဆီးခံရမှုများလည်း ရှိနေဆဲဖြစ်သည်၊

    အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် ယာဉ်များအရှိန်ပြင်းမောင်းနှင်ခြင်းများကို ရေးမြို့နယ်တွင် တားမြစ်ထားဆဲဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks