Homeသတင်းစစ်တပ်က စွန့်ခွာခိုင်းသော်လည်း KNA တပ်ဖွဲ့များ မြဝတီတွင် ဆက်လက်နေရာယူ

စစ်တပ်က စွန့်ခွာခိုင်းသော်လည်း KNA တပ်ဖွဲ့များ မြဝတီတွင် ဆက်လက်နေရာယူ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆

ကရင်နယ်ခြားစောင့်တပ် BGF မှ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲထားသည့် တပ်ဖွဲ့များ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှ ဆုတ်ခွာရန် စစ်တပ်က ညွှန်ကြားထားသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့အထိ မြို့ပေါ်တွင် KNA တပ်များ ပုံမှန်အတိုင်း ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

KNA စစ်ဝတ်စုံဝတ် တပ်သားများကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ယခင် BGF အထိုင်ချ ဂိတ်စခန်းများတွင် တွေ့ရသလို မြို့ပေါ်တွင် ကားနှင့် လှည့်ပတ်နေသည်ကိုလည်း တွေ့ရကြောင်း မြို့ခံက ဆိုသည်။

"လိုင်းပေါ်မှာပဲ ထွက်သွားခိုင်းဖို့ ပြောနေကြတာ၊ တကယ့်မြေပြင်မှာက အရင်အတိုင်းပဲ ဆက်ရှိနေတာ။ ဘာမှမထူးခြား၊ ဘာမှမပြောင်းလဲဘူး။ မနေ့ကလည်း တွေ့နေရတယ်။ သူတို့ဂိတ်မှာရော၊ လမ်းပေါ်မှာရော တွေ့နေရတယ်။ ဘယ်သူမှလည်း မထွက်သွားဘူး။ အေးအေးဆေးဆေးပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်၏ တပ်မ ၂၂ တပ်မမှူးနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA ) တို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသည့် အစည်းအဝေးမှတ်တမ်းအရ KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူများကို ဇန်နဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားကာ မြို့မှ ထွက်ခွာရန် အမိန့်ပေးထားကြောင်း ပါဝင်သည်။

မြဝတီမြို့ ဒေါနတောင်ခြေ မဲကနယ်ကျေးရွာအုပ်စု၊ သစ်ကတေကျေးရွာဘက်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်လုံခြုံရေးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -ငြိမ်းချမ်းရေးကောင်စီ KNLA-PC နှင့် DKBA က တာဝန်ယူပေးရန် စစ်တပ်က ပြောဆိုထားကြောင်း သိရသည်။

DKBA တာဝန်ရှိသူတစ်ဦးက “သူတို့က ဒီတခေါက်မြို့ပေါ်ကို တက်မယ့်အဖွဲ့တွေကို ကျွန်တော်တို့ဆီကနေ စာရင်းတောင်းတယ်။ အတိအကျပေးဖို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ စိစစ်နေဆဲပါပဲ။ ပေးဖို့အခက်အခဲတချို့လည်းရှိနေတော့ ညှိနှိုင်းနေပါတယ်” ဟု ဆိုသည်။

မြဝတီမြို့ပေါ်ရှိ အမှတ် ၂၇၅ တပ်ရင်း ထပ်မံတိုက်ခိုက်ခံရလာပါက လေကြောင်းမှ ဗုံးကြဲရန် အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်း ပေါက်ကြားလာသည့်အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

BGF မှ ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် စတင်ပြောင်းလဲကြောင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ တရားဝင်ကြေညာသော်လည်း KNA အဖြစ်ပြောင်းတော့မည့်သတင်းမှာ ၂၀၂၄ ခုနှစ်အတွင်း ပျံ့နှံ့ပြီး ဖြစ်သည်။

BGF ကို တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားပြီး လှိုင်းဘွဲမြို့နယ် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းများ၊ ဖာပွန်မြို့နယ် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်းများ၊ မြဝတီမြို့နယ် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌ အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားသည်။

အဆိုပါ တပ်မဟာ ၄ ခုအနက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်မဟာ ၂ နှင့် တပ်မဟာ ၃ တို့က လက်အောက်ခံတပ်များကိုပါ KNA ဘက်တံဆိပ်အထိ ပြောင်းလဲခဲ့သည်။

ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စစ်ကော်မရှင်ဘက်မှ ရှာဖွေစစ်ဆေးမှုအရှိန်မြှင့်နိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဘားအံ- မြဝတီလမ်းပိုင်း အသွားအလာသတိရှိရန် ယာဉ်မောင်းများ သတိပေးပြောဆိုနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts