spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးနှိမ်နင်းရေးအရှိန်မြှင့်နေစဉ် ထိုင်းရောက်မြန်မာအလုပ်သမားများ လုံခြုံရေးအခြေအနေစိုးရိမ်မှုမြင့်တက်

    ဖမ်းဆီးနှိမ်နင်းရေးအရှိန်မြှင့်နေစဉ် ထိုင်းရောက်မြန်မာအလုပ်သမားများ လုံခြုံရေးအခြေအနေစိုးရိမ်မှုမြင့်တက်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၂၊ ၂၀၂၆။

    ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ဖမ်းဆီးနှိမ်နင်းရေးအရှိန်တိုးမြှင့်ရေးလုပ်ဆောင်နေစဉ် ထိုင်းရောက်မြန်မာအလုပ်သမားများ လုံခြုံရေးအခြေအနေစိုးရိမ်မှုမြင့်တက်နေရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

    တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ တိုးများနေခြင်းကြောင့် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနမှ ဖမ်းဆီးစစ်ဆေးရေးအရှိန်တိုးမြှင့်လုပ်ဆောင်မည်ဟု ဇန်နဝါရီ ၁၅ ရက်နေ့ကထုတ်ပြန်ထားပြီး ယခုရက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှင့် ထိုင်းနိုင်ငံသားများကြား လူမှုရေးပဋိပက္ခအမျိုးမျိုးကြောင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေဖြင့် ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်နေခြင်း ဖြစ်သည်။

    စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ရွှေ့ပြောင်းလုပ်သားများရှိသည့် လုပ်ငန်းခွင့်အသီးသီးသို့  ထိုင်းအာဏာပိုင်အဖွဲ့အပြင် ထိုင်းမျိုးချစ်အဖွဲ့များမှလည်း ရန်မူလိုသည့် ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်နေသဖြင့် လုံခြုံရေးအခြေအနေအရပ်ရပ်ကို သတိပြုနေရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက ဆိုသည်။

    “လုပ်ငန်းခွင်မှာတော့ ပလိပ်(ထိုင်းရဲတပ်ဖွဲ့) တွေက ဝင်စစ်တယ်။ လမ်းဘေးဆိုင်တွေ၊ အပြင်ဆိုင်တွေ ကျတော့ နှုတ်ခမ်းမွှေး (ထိုင်းမျိုးချစ်အဖွဲ့) တွေက ဝင်မွှေးနေတယ်။ ဆိုင်တိုင်း၊ လုပ်ငန်းခွင်တိုင်းကို အကုန်ဝင်စစ်တယ်။ ညီမတို့လုပ်ငန်းမှာဆိုရင် အထောက်အထားစာအုပ်တွေ၊ အလုပ်ပါမစ်တွေ လာစစ်တယ်။ ညီမတို့လုပ်ငန်းမှာက လူတိုင်းက စာအုပ်အစုံရှိနေတော့ ဖမ်းဆီးခံရတာတွေ မရှိခဲ့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    အလုပ်လုပ်ခွင့်လက်မှတ်ရှိ၊ မရှိနှင့် သတ်မှတ်ထားသည့် အလုပ်အကိုင်အမျိုးအစား ဖြစ်၊မဖြစ် အဓိက စစ်ဆေးနေပြီး  ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်လည်း ချမှတ်ခံရသူများနှင့် နေရပ်ပြန်ပို့ခံရသူများလည်း ဆက်တိုက်ရှိလာသည်။

    နေထိုင်ရာ ရပ်ကွက်အတွင်းတွင်လည်း ဆူညံမှုမပြုလုပ်ရန်၊ ရွေးကောက်ပွဲကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှု မပြုလုပ်ရန်၊ အမုန်းပွားစေမည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများကို ထိုင်းအာဏာပိုင်များမှတစ်ဆင့် လိုက်လံသတိပေးနေရကြောင်းသိရသည်။

    ရွေ့ပြောင်းလုပ်သားများအနေဖြင့် ည ၉ နောက်ပိုင်းအချိန်တွင် အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာမြို့နယ်များတွင် ထိုင်းအစိုးရက ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး သတ်မှတ်ချိန်အတွင်း အပြင်ထွက်သွားလာနေသည်ကို ဖမ်းဆီးခံရပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ဟုလည်း ထိုင်းအလုပ်ရှင်များ သက်ဆိုင်ရာ အလုပ်သမားများကို ပြောဆိုထားသည်။

    “ဒီလအတွင်းမှာ ခိုးမှု၊ သတ်ဖြတ်မှုတွေ၊ ပစ်ခတ်မှုတွေ တောက်လျောက် ဆက်တိုက်ဖြစ်လာတော့ ရွေ့ပြောင်းလုပ်သားတွေကလည်း နေရထိုင်ရတာ တော်တော်ခက်ခဲဖြစ်သွားကြတာပေ့ါ။ အခုကလည်း မဲဆောက်ဈေးကို အဖွဲ့စုံတွေက ဝင်စစ်တယ်၊ ဖမ်းတယ်။ ဒီရက်ပိုင်းမှာလည်း သူခိုးတွေကလည်း တော်တော်သောင်းကျန်တယ်။ ဆိုင်ကယ်ပျောက်တာတွေလည်း အများကြီး ဖြစ်နေတယ်။ ဒီအခြေအနေမျိုးမှာ အထောက်အထားမရှိတဲ့သူတွေက သွားလာရေးတွေ တော်တော်အခက်အခဲတွေနဲ့ ကြုံရတယ်။ ရဲတွေက ဈေးဆိုင်တွေ မုန့်ဝယ်စားသလို လာနေတာကို သိပြီးတော့ မနေ့ညနေကလည်း ကြောက်လန့်ပြီးတော့ ဈေးဆိုင်တွေ အများကြီး ပိတ်လိုက်ရတယ်။ မရှိလို့ လာလုပ်စားတဲ့လူတွေလည်း အပြင်မထွက်ရဲကြတော့ဘူး” ဟု မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးက ပြောသည်။

    ရနောင်းမြို့တွင် ရော်ဘာခြစ်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသားတစ်ဦးကလည်း ထိုင်းရဲတပ်ဖွဲ့နှင့်ထိုင်းမျိုးချစ်အဖွဲ့များသည် ရွေ့ပြောင်းလုပ်သားများထဲတွင် မြန်မာရွေ့ပြောင်းလုပ်သားများကို တွေ့ရှိပါက စစ်ဆေးမေးမြန်းမှု ပိုတင်းကြပ်နေသည်ဟု ဆိုသည်။

    “အဓိကကတော့ မြန်မာလုပ်သားတွေက ပိုစစ်ဆေးခံရတယ်။ သူတို့လာစစ်တဲ့အခါကျရင် ဘယ်နိုင်ငံကနေလာတာလဲဆိုတာကို အရင်မေးတယ်။ ပြီးရင် ဘာလူမျိုးလဲဆိုတာမေးတယ်။ အခုဖြစ်နေတဲ့ ခိုးမှုတွေ၊ သတ်ဖြတ်မှုတွေကလည်း မြန်မာလုပ်သားတွေပဲ ကျူးလွန်နေတာများလားတော့ မသိဘူး။ အခြားရွေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတာ သိပ်မကြားမိဘူး။ မြန်မာတွေပဲဖမ်းဆီးခံနေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

    ထိုကြောင့် လက်ရှိကာလတွင် လုပ်ငန်းခွင်၊ တိုက်ခန်း၊ အဆောင်များတွင် တစ်ဦးတည်းနေထိုင်ခြင်းမပြုရန်၊ အသိပေးသွားလာခြင်းများ ပြုလုပ်ကြရန်၊ ထိုင်းရပ်ကွက်၊ မြို့နယ်တာဝန်ရှိသူများနှင့် ရင်းနှီးခင်မင်စွာ နေထိုင်တတ်ရန်၊ အထောက်အထားရှိသူများနေဖြင့် စာအုပ်အထောက်အထားများကို အမြဲကိုင်ဆောင်ထားကြရန် လိုအပ်ကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့် JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက တိုက်တွန်းသည်။

    “ဒီကာလမှာ စာရွက်စာတမ်းမရှိသူတွေက ပိုဂရုစိုက်ရမှာပေါ့။ စာရွက်စာတမ်း အထောက်အထားရှိလည်း ဂရုစိုက်ရမှာပဲ။ ပြောရမယ်ဆိုရင် တစ်ယောက်တည်း မသွားနဲ့။ ကိုယ့်ရဲ့တိုက်ခန်းမှာပဲ ဖြစ် ဖြစ်၊ အဆောင်မှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်း မနေနဲ့။ ပြောရမယ်ဆိုရင် ထိုင်းလူဆိုးဂိုဏ်းတွေ ကလည်း နေရာအနှံ့အပြားမှာ ရှိနေတယ်။ နှုတ်ခမ်းမွှေးအဖွဲ့တွေပေါ့လေ။ ကိုယ်ရွေ့ပြောင်လုပ်သား တွေအပေါ်မှာ မလိုလားတဲ့၊ မနှစ်သက်တဲ့အဖွဲ့တွေပေါ့။ တစ်နေရာကို သွားမယ်၊ လာမယ်ဆိုရင်လည်း အသိပေးပြီးမှသွား။ သက်ဆိုင်ရာ ထိုင်းရွာသူကြီးတွေ၊ ရပ်ကွက်၊ မြို့နယ်တာဝန်ရှိသူတွေနဲ့လည်း ခင်မင်ရင်းနှီးအောင်နေကြပါ။ ဒါမှ ကိုယ်ဖြစ်နေတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ သူတို့ကို တင်ပြနိုင်အောင် အရက်၊ ဘီယာတွေနဲ့လည်း ပေးပြီးတော့လည်း ရင်းနှီးမှုယူထားသင့်တယ်” ဟု ဦးမိုးကြိုးက ပြောသည်။

    လာမည့်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပသွားရန်ရှိသဖြင့် ရွေးကောက်ပွဲကာလဖြစ်သည့်အလျှောက် လူမှုရေးဋိပက္ခများကြောင့်  နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုအဖြစ် အသုံးချနိုင်မည့်အန္တရာယ်လည်းရှိနိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူအချို့က ထောက်ပြသည်။

    ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း စစ်ဘေး၊ နိုင်ငံအရေးအခင်းများကြောင့် အလွှာအသီးသီးမှ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေကြပြီး အလုပ်အကိုင်ရှားပါးမှုများလည်း ရှိလာနေသည်။

    ယင်းအခြေအနေများကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန် မယုံကြည်မှုနှင့် လူမှုရေးပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်းကြောင်း၊ ထိုင်းရောက်မြန်မာအလုပ်သမားများ ဥပဒေနှင့်အညီး နေထိုင်ရန်လည်း အလုပ်သမားအရေး ကူညီသူများက တိုက်တွန်းပြောဆိုလျှက်ရှိသည်။

    ပုံ-Migrant Times

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts