Homeသတင်းကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကို အနီးရှိစစ်ကော်မရှင်တပ်ရင်းမှ ပစ်ခတ်

ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကို အနီးရှိစစ်ကော်မရှင်တပ်ရင်းမှ ပစ်ခတ်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ ဇန်နဝါရီ ၂၁၊ ၂၀၂၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရာဘာခြစ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကို အနီးရှိ စစ်ကော်မရှင် ခလရ-၂၈၄ တပ်ရင်းမှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Phoenix – Special Warfare Force က ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 ကြာအင်းဆိပ်ကြီး-ကြခတ်ချောင်းလမ်းဘေးရှိ ရာဘာခြံတွင် ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီ ၄၂ မိနစ်တွင် ရာဘာခြစ်နေသူ  (အသက် ၄၁ နှစ်) အရွယ်ရှိ အမျိုးသမီးကို ခြံနှင့်ကိုက် ၂၀၀ ကွာဝေးသည့် ခလရ–၂၈၄ တပ်ရင်းမှ  ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး နေရာတွင်ပင်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

Phoenix – Special Warfare Force မှ တာဝန်ရှိသူတစ်ဦးက“အရင်နေ့တွေမှာတော့ သူ့ယောကျာ်းပါလာတတ်ပါတယ်။ အဲဒီနေ့ကတော့ သူ့ယောကျာ်းက မင်္ဂလာဆောင်အိမ်သွားနေတော့ သူတစ်ယောက်တည်း ရာဘာခြစ်နေတာပါ။  အနီးအနားက ရာဘာခြစ်လုပ်သားတွေကတော့ ပုံမှန်ဆို ခလရ–၂၈၄ ကို ခွင့်တောင်းပြီး ခွင့်ပြုချက်ရမှ လုပ်ငန်းလုပ်ကြပါတယ်။ ဒီဖြစ်ရပ်ကတော့ အကြောင်းမရှိဘဲ သိသိနဲ့ ပစ်ခတ်တာပါ” ဟု ပြောသည်။

အဆိုပါတပ်ရင်းမှ နာရီအတန်ကြာသည်အထိ ပစ်ခတ်မှုဆက်လက်လုပ်ဆောင်နေသဖြင့် သေဆုံးသူ၏ ရုပ်အလောင်းကို ချက်ချင်း သယ်ယူနိုင်ခြင်းမရှိခဲ့ဘဲ ယနေ့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှသာ ပြန်လည်ရယူနိုင်ခဲ့သည်။

လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း ၃ ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ကျင်းပသွားရန်ရှိသဖြင့် ရွေးကောက်ပွဲနယ်မြေရှင်းလင်းရေးအတွက် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲထားသည့်အခြေအနေများကြောင့် စစ်ကော်မရှင်တပ်ရင်းအနီး နေထိုင်သူများ သတိရှိရန်လည်း တိုက်တွန်းထားသည်။

“သူတို့ဘက်မှာ မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံ သုံးစွဲနေကြတာတွေ့ရပြီး၊ ကျနော်တို့တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် လူတွေ့တာနဲ့ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ပစ်ခတ်နေတယ်လို့ မြင်ပါတယ်” ဟု ထိုသူက ဆက်ပြောသည်။

အပြစ်မဲ့ အရပ်သားတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခြင်းသည် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရက်စက်ယုတ်မာမှုကို ထင်ရှားစွာ ပြသနေကြောင်း တော်လှန်ရေးအင်အားစုများက ဝေဖန်ပြောဆိုထားသည်။

Phoenix – Special Warfare Force က အပြစ်မဲ့ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် စစ်တပ်ကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများတွင် မပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တွင်  ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် ကျေးရွာအုပ်စုများတွင် မဲရုံလုံခြုံရေးပေးနိုင်ရေးအတွက် ချီတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ- Phoenix – Special Warfare Force

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts