ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်အမည်စာရင်းတင်သွင်းမည့်ရက်ကို ထုတ်ပြန်ထားပြီးနောက် တရားမဝင်ပွဲစားများ၏ လိမ်လည်မှုမခံရရေး သတိပြုရမည်ဖြစ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းပြောဆိုသည်။
ထိုင်းနိုင်ငံသို့ရောက်ရှိပြီး အထောက်အထားမဲ့အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအပါအဝင် လာအို၊ ဗီယက်နမ် သုံးနိုင်ငံမှအလုပ်သမားများအတွက် ပန်ရောင်းကတ်ပြုလုပ်မည့်အစီအစဉ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်အတွင်းလျှောက်ထားနိုင်ပြီးဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပြီးဖြစ်သည်။
တရားမဝင်အေဂျင်စီ၊ ပွဲစားများမှ နည်းအမျိုးမျိုးဖြင့်လိမ်လည်မှု လုပ်ဆောင်လာနိုင်ကြောင်း၊ ယမန်နှစ်တွင် ဘတ်လုပ်ရန် လျှောက်ထားသူများဘတ်ရရှိခြင်းမရှိဘဲ လူဦးရေထာင်နီးပါးလိမ်လည်ခံရသည့်ကိစ္စများရှိခဲ့ကြောင်း ထိုင်းနိုင်ငံမြန်မာလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“အလိမ်ခံရတာကတော့အများကြီးပဲဗျ စမတ်ကြေးတွေတောင်းပြီးတော့လိမ်တာလည်းရှိသလို၊ MOU နဲ့ လာတဲ့အုပ်စုကိုလည်း လုပ်ငန်းခွင်ပြတ်လို့ ဟိုဘက်ပြောင်းရင်လည်းအလိမ်ခံရတယ်၊ လိမ်ပုံလိမ်နည်းတွေက အမျိုးမျိုးရှိတယ်၊ တစ်နှစ်အတွင်းဆိုထောင်နဲ့ချီရှိတယ်။ နောက်အခုလိုဘတ်ရိုက်တဲ့ကာလဆို လုပ်တဲ့လူတွေက သူတို့အတွက်လုပ်စားလို့ရတဲ့ အကွက်ပေါ့နော်သူတို့တွေလူအများကြီးသွင်းမှာပေါ့နော် သိတဲ့ အဖမ်းခံရရင် ပိုက်ဆံလည်းရှုံး လူလည်းမြန်မာပြည်ကိုပြန်အပို့ခံရမှာ”ဟု ပြောသည်။
ဘတ်အသစ်ပြန်ရိုက်မည့်ကာလတွင် ပွဲစားများမှ ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းဖြင့် တရားမဝင် ဝင်ရောက်မည့်သူများကို ပိုမိုခေါ်ဆောင်လာနိုင်သည့်အတွက် ကျားဖြန့်အရေးကြောင့် နယ်စပ်တင်းကြပ် နေသဖြင့် စစ်ဆေးဖမ်းဆီးမိပါက မြန်မာပြည်သို့ပြန်အပို့ခံရနိုင်သည်ဟုလည်း ၎င်းကဆက်ပြောသည်။
သတ်မှတ်ရက်ကာလအတွင်း ဘတ်စာရင်းတင်ရမည်ဖြစ်သောကြောင့် အလုပ်ရှင်မရှိသူများ အေဂျင်စီနှင့်ပွဲစားများကို အားကိုးရသည့်အခြေအနေတွင် တရားဝင်မှတ်ပုံတင်ထားသည့် ပွဲစားရှိသူများထံအပ်နှံသင့်ပြီး၊ ကုန်ကျစရိတ်နည်းပါးပြီး အွန်လိုင်းမှ တရားဝင်ကြေညာသည့်ဝန်ဆောင်မှုများကိုလည်း စုံစမ်းသင့်ကြောင်းဆိုသည်။
ယမန်နှစ်တွင် ကုန်ကျစရိတ်အပြီးစီးပေးအပ်ထားပြီး အာမခံချက်မပေးထားသည့် ပွဲစားများထံ လိမ်လည်ခံရသဖြင့် လက်ရှိအချိန်အထိ တရားမဝင်နေထိုင်နေရပြီး၊ အလုပ်ပြောင်းခွင့် မရှိသည့်အပြင် အပြင်ထွက်ရန်လုံခြုံရေးအခြေအနေ စိုးရိမ်ရသည်ဟု မုဒုံမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မနှစ်ကဘတ် ၁၁၀၀၀ ပေးလိုက်ရတယ်၊ စစလုပ်တာနဲ့ပေးလိုက်တယ် ဒါမဲ့လက်ဗွေနှိပ်တဲ့ အချိန်မှာ သူတို့ အသိမပေးရော၊ သွားမေးတော့လည်းမရတော့ဘူး သူတို့မှအာမခံမပေးထားတာ အခုမှပြန်လုပ်ရမှာမြို့ပေါ် တက်အလုပ်လုပ်ဖို့လည်းလုပ်ရှင်က မယူဘူး”ဟု ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်တွင် စမွတ်စခွန်၊ ဖိကစင်စက်ရုံမှ ချိတ်ပေးထားသည့် ပွဲစားသည် ဗီဇာ/ပါမစ် တိုးရန် ငွေယူပြီး သက်တမ်းမတိုးဘဲထွက်ပြေးတိမ်းရှောင်နေသောကြောင့် မြန်မာအလုပ်သမား၂၀၀ ခန့်နှင့် MHAC မဟာမိတ်အဖွဲ့တို့ သွားရောက်ညှိနှိုင်းခဲ့ကြသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်များအရ သိရသည်။
ပန်းရောင်ကတ်အမည်စာရင်းတင်သွင်းခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်နေ့အထိ အချိန် ၁၅ ရက် ခွင့်ပြုပေးထားခြင်းဖြစ်ပြီး အဆိုပါရက်ပိုင်းအတွင်း အမည်စာရင်းပြန်ကျပြီး Work permit ငွေကြေး ဖြတ်ပိုင်းရရှိမည်ဟုလည်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင်အထောက်အထားမဲ့ ပန်းရောင်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထောင်ဂဏန်းအထက်ရှိနေသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများက ပြောသည်။
အလုပ်လုပ်ခွင့်ကတ်ဘတ်အသစ်ကို ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့က စတင်တင်သွင်းနိုင်ပြီးဟု ထိုင်းအစိုးရမှာကြေညာခဲ့သော်လည်း နယ်စပ်ပြဿနာကြောင့် အောက်တိုဘာ ၁၆ ရက်တွင် ဘတ်အသစ်ပြုလုပ်မည့် အစီအစဉ်ကို ရုတ်တရက်ရွှေ့ပြောင်းခဲ့သည့်နောက် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြန်လည်လျှောက်ထားခွင့်ပြုထားခြင်း ဖြစ်သည်။


