spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းတရားမဝင် ရွှေတူးဖော်မှုများကြောင့် ဘီးလင်းဒေသခံများ ရေအရင်းမြစ်ဆုံးရှုံးမှုဖြစ်နေ

    တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဘီးလင်းဒေသခံများ ရေအရင်းမြစ်ဆုံးရှုံးမှုဖြစ်နေ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းမောင်းကျေးရွာ အရှေ့ဘက်ရှိ ဘီးလင်းမြစ်အတွင်း နှစ်ရှည်ကြာလုပ်ကိုင်နေသည့် တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် မြစ်ချောင်းမှရေများပျက်စီးပြီး မြစ်တစ်လျှောက်ရှိ ကျေးရွာများမှဒေသခံများ ရေအရင်းမြစ်ဆုံးရှုံးနေရကြောင်း  ဘီးလင်းဒေသခံများမှ သိရသည်။

    တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ ကရင်အမျိုးသားအစည်းအရုံး KNU ခွင့်ပြုချက်နှင့် ယခင်အရပ်သားအစိုးကရလက်ထက်၂၀၁၅ ခုနှစ်ကပင် စတင်လာသည့် အဆိုပါရွှေတူဖော်ရေးလုပ်ငန်းများသည် နှစ်ရှည်ကြာလာသည်နှင့်အမျှ  မြစ်ချောင်းများအတွင်း ဓာတုပစ္စည်းများ စိမ့်ဝင်မှုပိုများလာကာ ရေညစ်ညမ်းမှုများ အဆိုးရွားဆုံးအခြေအနေရောက်ရှိနေကြောင်း ဆိုသည်။

    ရေအတွင်းဓာတုပစ္စည်းပမာဏများစွာ ပါဝင်လာခြင်းကြောင့် ဘီးလင်းမြစ်တစ်လျှောက်ရှိ နတ်ကြီး၊ ဘုရားဆိပ်၊ ရင်းအုံ၊ ကဒီပုကျေးရွာစသည့် ကျေးရွာ ၂၀ ရွာထက်မနည်းတွင် သောက်သုံးရေရရှိရန်ခက်ခဲသည့်အပြင် လယ်ယာလုပ်ငန်းလည်း မလုပ်ကိုင်နိုင်တော့ကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

    “မြစ်ရေ၊ ချောင်းရေတွေက ပျက်စီးသွားပြီး၊ ရေတွေက မကြည်နေတော့ဘူး ကော်ဖီရောင်ဖြစ်နေတယ်။ ဒေသခံတွေက မသုံးရဲကြဘူး။ ရေတွင်းတွေကိုပဲ သုံးတယ်၊ ဒါမဲ့အခုက ရေတွင်းတွေလည်း ဝါလာနေတာ တွေ့ရတယ်။ သစ်ပင်တွေလည်း စိုက်လို့မရဘူး၊ ဒီရာသီပင်တွေ စိုက်လို့မရဘူး၊ အဲရေလောင်းရင် အပင်တွေ သေတယ်။ ကျွဲနွားတွေလည်း သောက်လို့မရဘူး၊ အန္တရာယ်ရှိတယ်။ သူတို့သောက်ဖို့အတွက်က လက်ယက်တွင်းတူးရတယ်။ ဒီမွန်ကရင်အဆက်ဖြစ်တဲ့ ဘီးလင်းမြစ်တလျှောက်မှာရှိတဲ့ မဲဝိုင်းရွာကနေ ကျနော်တို့နေတဲ့နေရာအထိ အခက်ခဲတွေအများကြီး ကြုံနေရတယ်” ဟု ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

    ဘီးလင်းမြစ်ရေ ညစ်ညမ်းမှုကြောင့် သောက်သုံးရေအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပေါ် ထိခိုက်မှုအများပြားရှိနေပြီး စားနပ်ရိက္ခာ ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

    အဆိုပါညစ်ညမ်းသော ရေများကို သောက်သုံးမိသူအချို့တို့ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနားခြင်း၊ အားနည်းခြင်းနှင့် အခြားသောရောဂါကူစက်မှုများ ဖြစ်ပွားလာနေခြင်းကြောင့် ဒေသခံများ ကျန်းမာရေဆိုင်ရာကိစ္စများအတွက်လည်း စိုးရိမ်မှုမြင့်တက်လာနေသည်။

    လက်ရှိတွင် ရေညစ်ညမ်းမှု ဆိုးရွားလာခြင့်ကြောင့်  KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၁ ဒေသများတွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေခြင်းကို ယာယီရပ်နားထားရန် KNUမှ လုပ်ငန်းရှင်များထံ ပြောဆိုထားပြီး ယာယီရပ်နားထားရကြောင်းလည်း ဘီးလင်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အခု ရေကြည်ဖို့ဆိုပြီး စက်လိုင်းတွေ ပိတ်ထားတယ်။ ဘယ်လောက်ကြာကြာ ပိတ်မယ်မသိဘူး။ KNU. ကို ရွှေတွင်းပိုင်ရှင်တွေက အခွန်ပေးပြီး တူးရတာဆိုတော့ အချိန်အကြာကြီး မပိတ်ဘူးတော့ ထင်တာပဲ၊ ရွှေတူးတဲ့ နေရာတွေက အများကြီးပဲ၊ အခုက နေရာတိုင်လိုလို ရွှေတူးတယ်။ အခု အပေါ်မှာရှိတဲ့ ရွှေတွင်းရော အခုအောက်ဘက်က ရွှေတွင်းတွေရော ရပ်ခိုင်းထားတယ်။ ရေတွေ နောက်နေလို့ ရေကြည်အောင် စောင့်ပြီးမှ စက်လိုင်းတွေ ပြန်ဖွင့်မယ်ဆိုပြီး၊ ရေကတော့ နောက်မှာပဲ အခုနားပြီး စက်လိုင်းပြန်ဖွင့်တာနဲ့ ပြန်ဖြစ်မှာပဲ။ အဲ့ဒါက KNU စီမံနေတာဆိုတော့ ကျွန်မတို့လဲ မပြောတက်ဘူး ” ဟု ထိုသူက ဆက်ပြောသည်။

    အဆိုပါအခြေအနေများကြောင့် ဒေသခံရွာသားများမှာ မည်သည့်အဖွဲ့အစည်းကိုများထံ တိုင်ကြား အကူအညီတောင်းခံမှုများလုပ်ဆောင်ရမည်ကို  မသိရှိဘဲ အခက်ကြုံနေရသည်။

    နိုင်ငံခြားသားများနှင့်ပူးပေါင်းပြီး အရပ်သားအစိုးရလက်ထက်ကပင် စတင်လုပ်ဆောင်နေသည့် ဘီးလင်း၊ ကျိုက်ထိုမြို့နယ်ဘက်ရှိ မြစ်ချောင်းများရှိ ရွေတူးဖော်ရေးလုပ်ငန်းများသည် စစ်အာဏာသိမ်းနောက်ပိုင်း  တွင်တွင်ကျယ်ကျယ် ပိုမိုလုပ်ဆောင်လာနေကြသည်။

    စစ်အာဏာသိမ်းနောက်ပိုင်း တိုင်ကြားခွင့် လွတ်လပ်စွာပြောဆိုခွင့်များ ဆုံးရှုံးနေသည့်ပြည်သူများ နေ့စဉ်လူမှုဘဝအတွက် စိန်ခေါ်မှုများ ပိုမိုကြီးထွားလာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts