spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းသာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်နှင့် ဆက်စပ်သူများ တိမ်းရှောင်နေရ

    သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်နှင့် ဆက်စပ်သူများ တိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်မှ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိ ဖမ်းဆီးခံရပြီးနောက် တပည့်ဖြစ်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မော်လမြိုင်မြို့ခံများမှ သိရသည်။

    သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိကို  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခြင်းကြောင့် မုပွန်နယ်မြေရဲစခန်းတွင် (ပ)၂၇၀/၂၀၂၅ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စစ်ကော်မရှင်မှ ကြေညာထားသည်။

    ဝင်ရောက်ဖမ်းဆီးမှုလုပ်ဆောင်စဉ် ဆရာတော်အပါအဝင် ကျောင်းအတွင်းရှိ တပည့်နှစ်ဦးကိုလည်း အတူခေါ်ဆောင်ကာ အမှုဖွင့်အရေးယူထားကြောင်း၊ ကျန်ရှိနေသည့် တပည့်များလည်း အချိန်မရွေး ဖမ်းဆီးခံရနိုင်သဖြင့် တိမ်းရှောင်နေရကြောင်း ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ကျန်နေတဲ့ တပည့်တွေလည်း ပြေးနေရတယ်။ ထိုင်းဘက်ရောက်သွားပြီး ကြားတယ်။ တစ်ယောက်က ဖမ်းခံရတဲ့နေ့မှာပဲ ပြေးတာ၊ ကျန်တဲ့တစ်ယောက်က ဖမ်းခံထိပြီး ၂ ရက်လောက်ပြီးမှ ထွက်ပြေးတာ”ဟု ပြောသည်။

    ဆရာတော်နှင့်အတူ ဖမ်းဆီးထားသည့် တပည့်နှစ်ဦးကို လက်ရှိ မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    မော်လမြိုင်၊ တောင်ဝိုင်းတောင် ဖြိုနေသည့်ကိစ္စနှင့် ဇေတဝန်ကျောင်းပိုင်း သာသနာမြေများ လေလံတင်ရောင်းချခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ အမည်ပေါက်ပြောင်းလဲခြင်းကိစ္စတို့ကို လူမှုကွန်ရက်ပေါ်တွင် ရေးတင်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၂၇ ရက်နေ့က သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိ ဖမ်းဆီးခံခဲ့ရသည်။

    လက်ရှိတွင် ဆရာတော်အရှင်စန္ဒဇောတိကို လူဝတ်လဲထားကြောင်း၊ မော်လမြိုင် မုပွန်နယ်မြေရဲစခန်းမှတစ်ဆင့် ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေရကြောင်း ဆိုသည်။

    “သူတို့က စွပ်စွဲထားတဲ့အမှုတွေက အရမ်းများတော့ အမှုတော့မြန်မြန်မကျသေးဘူး။ စစ်ဆေးနေ တုန်းပဲပေါ့နော်၊ ခုလက်ရှိကတော့ ကျိုက်မရောအကျဉ်းထောင်မှာ စစ်ဆေးနေတာ။ ဘယ်လိုလာမလဲတော့ မသိသေးဘူး” ဟု အထက်ပါသူက ဆက်ပြောသည်။

    ဆရာတော်အရှင်စန္ဒာဇောတိသည် သာသနာနွယ်ဖောင်ဒေးရှင်းကို ဦးဆောင်သူဖြစ်ပြီး လူငယ်များ၏ ပညာရေး၊ လူမှုရေးနှင့် သဘာဝဘေးဒုက္ခတစ်စုံတစ်ရာအတွက် ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ကူညီနေသူဖြစ်သည်။

    ကျောင်းတိုက်အတွင်းရှိ မော်တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် ၃ စီး၊ ဖုန်း၊ ကွန်ပျူတာနှင့် အခြားဆက်စပ် ပစ္စည်းများကိုလည်း စစ်ကော်မရှင်က သိမ်းဆည်းခဲ့သည့်အပြင် သာသနဝံသ ကျောင်းဆောင်နှင့် သာသနာနွယ်ဖောင်းဒေးရှင်း အဆောက်အအုံတို့ကိုလည်း စစ်ကော်မရှင်က ချိပ်ပိတ်လိုက်ကြောင်း သိရသည်။

    နည်းပညာအခြေပြုစောင့်ကြည့်မှုသာမက လူအင်အားအသုံးပြုစောင့်ကြည့်မှုများကို မြေပြင်နှင့်အွန်လိုင်းတွင် လုပ်ဆောင်နေသော စစ်ကော်မရှင်သည် ပြီးခဲ့သည့် (၃) လတာအတွင်း အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ (၄၇)ဦးကို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)မှ အစီရင်ခံစာအချက်အလက်များအရ သိရသည်။

    ဖမ်းဆီးခံရသူများတွင် အမျိုးသား၊ အမျိုးသမီး၊ ရဟန်းသံဃာများအပြင် အသက်အရွယ်မပြည့်သူများလည်းပါကြောင်း ဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts