Homeသတင်းနိုင်ငံရေးမတည်ငြိမ်မှုများကြား မသန်စွမ်းသူများ၏ ဘဝရှင်သန်ရပ်တည်ရေး တစ်နှစ်ထက်တစ်နှစ်ကြပ်တည်းလာ

နိုင်ငံရေးမတည်ငြိမ်မှုများကြား မသန်စွမ်းသူများ၏ ဘဝရှင်သန်ရပ်တည်ရေး တစ်နှစ်ထက်တစ်နှစ်ကြပ်တည်းလာ

-

နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်ရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များအကြား ဘဝရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေရေးကိစ္စများ တစ်နှစ်ထက်တစ်နှစ် ကြပ်တည်းလာနေကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် မသန်စွမ်းသူများအတွက် နည်းဥပဒေသစ်တစ်ရပ်ချမှတ်ထားသော်လည်း စစ်အာဏာသိမ်းနောက်ပိုင်း အပြောင်းအလဲများကြောင့် အကောင်အထည်မဖော်ဆောင်နိုင်သည့်အပြင် ပုံမှန်ရရှိနေသည့် ထောက်ပံ့ငွေများလည်း မရရှိတော့သည်မှာ ၃ နှစ်အထိရှိလာပြီးဖြစ်ကြောင်း မွန်ပြည်နယ်မှ မသန်စွမ်းသူများအသင်းနှင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့် စားဝတ်နေရေး မဖူလုံမှုဒဏ်ကို တွေ့ကြုံနေရသည့် နောက်ဆက်တွဲကိစ္စများကြောင့်လည်း မသန်စွမ်း အိမ်ထောင်စုများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်ဟုလည်း ၎င်းကဆက်ပြောသည်။

“သာမန်လူတွေလည်းခက်ခဲတယ်၊သူတို့ကအိမ်ထောင်စုမှာမှီခိုကြတယ်။ အဲ့အတိုင်းပဲကြပ်တည်းလာတယ်၊ ဒီနိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်ကဆို အလယ်လတ်တန်းစားလောက်ကစားနိုင်သောက်နိုင်သေးတယ်။ အခုက ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာ အစိုးရလည်း မထောက်ပံ့ဖြစ်ဘူး၊ အရင်ကတော့ပေးဖူးတယ် တစ်ယောက်ကို ၄ သောင်းကျော်ပဲ။ ဒီနောက်ပိုင်းလုံးဝမရှိတော့ဘူး” ဟု ပြောသည်။

စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားသည့်ဒေသတွင် တစ်နိုင်တစ်ပိုင်လုပ်ပိုင်ခွင့်လုပ်ငန်းများလည်း ရပ်တန့်ထားရခြင်းကြောင့်လည်း မသန်စွမ်းသူများ မိသာစုးများထံ ပိုမိုမှီခိုလာရသည်။

ထို့ကြောင့် မသန်စွမ်းများအတွက်ထိရောက်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြန်လည်ရှာဖွေဆောင်ရွက်ပေးသင့်ကြောင်းလည်း မသန်စွမ်းသူများအရေး ကူညီနေသူများက တိုက်တွန်းလျှက်ရှိသည်။

တစ်ဖက်တွင်လည်း ဒေသတွင်းတိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ကရင်နှင့်မွန်ပြည်နယ်တွင် စစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့များ မြေမြှပ်မိုင်းအသုံးပြုမှုများလာသည်နှင့်အမျှ ဒေသခံများ နင်းမိပေါက်ကွဲရာမှတစ်ဆင့် မသန်စွမ်းဖြစ်ပွားမှုနှုန်း တိုးလာနေသည်ဟု မိုင်းအန္တရာယ်အသိပညာပေးလှုပ်ရှားနေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မွန်မှာတော့ သိပ်မများဘူး၊များသောအားဖြင့်မိုင်းကြောင့်ပဲ လက်နက်ကြီးထိရင်တော့ မသန်စွမ်းဖြစ်တာက နည်းတယ်။ မွန်ဘက်မှာတော့အဓိကက ဓမ္မသဘက်မှာဖြစ်တယ်ပျားတောင်ဘက်တွေမှာ အဲ့ဘက်သွားမိလို့ တစ်ယောက်နှစ်ယောက်ထိတယ်၊ရေးမြောက်ပိုင်းဘက်နဲ့ရေးဘက်သွားတဲ့လမ်းမှာဖြစ်တယ်၊စစ်တပ်နဲ့ ကရင်တပ်တွေတော်လှန်ရေးအဖွဲ့တွေရှိတဲ့လမ်းပိုင်းမှာထိတာများတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ၏စာရင်းဇယားအရ ၂၀၂၀ ခုနှစ်တွင် မသန်စွမ်းဦးရေ ၃ ဒဿမ ၆ သန်းရှိနေပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ကြောင့် မသန်စွမ်းသူဦးရေသည် ယခင်ကထက်နှစ်ဆနီးပါးဖြစ်လာနေပြီး၊ လူဦးရေ ၆ သန်းကျော် ရှိလာသည်ဟု ၂၀၂၄ ဒီဇင်ဘာလတွင် ကုလသမဂ္ဂအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကမ္ဘာတစ်ဝှမ်းက "လူမှုတိုးတက်မှုမြှင့်တင်ရန် မသန်စွမ်းသူများ ပါဝင်နိုင်သော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ခြင်း"ဆောင်းပုဒ်ဖြင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံများနှင့် အဖွဲ့အစည်းများက အခြေခံ၍ လှုပ်ရှားမှုများဆောင်ရွက်နေကြောင်းလည်း သိရသည်။

မသန်စွမ်းသူများကို လူမှုအသိုင်းအဝိုင်းတွင် အပြည့်အဝပါဝင်နိုင်ရန် အတားအဆီးများကို ဖယ်ရှားရန်နှင့် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး ကိစ္စများတွင် တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်လည်း ဝန်းရံလှုပ်ရှားလျှက်ရှိသည်။

ကမ္ဘာ့လူဦးရေ၏ (၁.၃) ဘီလီယံ ၁၆ ရာခိုင်နှုန်းခန့်သည် မသန်စွမ်းမှုအမျိုုးမျိုးကို ရင်ဆိုင်နေရပြီး အချို့သည် မွေးရာပါဖြစ်ပြီး အချို့က ဘဝ၏အချိန်တစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် မသန်စွမ်းဘဝကို ရောက်ရှိခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts