Home သတင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုပြု၍ မြန်မာမှ ကျောင်းလျှောက်ထားမှု ဆက်တိုက်လုပ်ဆောင်နေဟု နိုင်ငံတကာကျောင်းတာဝန်ရှိသူများပြော

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုပြု၍ မြန်မာမှ ကျောင်းလျှောက်ထားမှု ဆက်တိုက်လုပ်ဆောင်နေဟု နိုင်ငံတကာကျောင်းတာဝန်ရှိသူများပြော

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ရှိ QR Code ကို အတုပြုလုပ်၍ အခြား URL များသို့ ချိတ်ဆက်လုပ်ဆောင်ထားသည့်  အောင်လက်မှတ်အတုများဖြင့်  မြန်မာနိုင်ငံမှ ကျောင်းလာရောက်လျှောက်ထားမှုများ  ဆက်တိုက်လုပ်ဆောင်နေကြသည်ဟု နိုင်ငံတကာကျောင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ကျောင်းဝင်ခွင့်လက်ခံသည့် အပတ်စဉ်တိုင်း မြန်မာမှ အောင်လက်မှတ်အတု၊ အချက်အလက်အတုဖြင့် လာရောက်လျှောက်ထားခြင်းကို တွေ့ရှိရပြီး ယခင်က အမည်၊ ခုံနံပါတ်များကိုသာ အတုအပပြုလုပ်ရာမှ ယခုတွင် အောင်လက်မှတ်ရှိ QR Code ကိုပါ အတုအပ လုပ်ဆောင်လာခြင်းဖြစ်သည်။

ရိုးသားဖြောင့်မှန်မှုမရှိသည့် ကျောင်းအေဂျင်စီအချို့နှင့် နိုင်ငံတကာ ပုဂ္ဂလိကကျောင်းအချို့တို့ အသေအချာ စစ်ဆေးမှုမလုပ်ဆောင်ခြင်းကြောင့် အတုအပပြုလုပ်သူများ ပိုမိုအတင့်ရဲလာနေကြောင်းလည်း ထိုင်းနိုင်ငံ နိုင်ငံတကာကျောင်းတစ်ခုမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက IMNA သို့ပြောသည်။

"Website အတုကို လုပ်ထားတယ်ပေါ့လေ။ လက်မှတ်အစစ်တွေဆို gov.com ကနေတစ်ဆင့် နောက်တစ်ဆင့်ကို ဝင်ရတယ်ပေါ့လေ။ အခုက ဝင်ရတဲ့ Website ကိုပါ သူတို့အတုလုပ်ထားတာ။ ကျမအထင်တော့ ပုဂ္ဂလိကကျောင်းအချို့က ဒါတွေကို လက်ခံနေတာရှိလို့ကို လုပ်ရဲနေကြတယ်လို့ထင်တယ်။ အချို့ကျောင်းတွေဆို သိပ်ပြီးတော့လည်း မစစ်နေဘူးလေ။ ၁၀ တန်းအောင်လက်မှတ်ဖြစ်နေရင်ပြီးရော၊ ပိုက်ဆံပေးနိုင်ရင် ရပြီးဆိုတော့လေ"သူက ပြောသည်။

ယခုကဲ့သို့ အချက်အလက်အတုများဖြင့် နိုင်ငံတကာကျောင်းဝင်ခွင့် လျှောက်ထားခြင်းသည် ထိုင်းအပါအဝင် နိုင်ငံတကာရှိ ပညာမြန်မာကျောင်းသားများကို စစ်ဆေးမှု တင်းကြပ်လာနိုင်ပြီး ပညာသင်ဆုဖြင့် ရောက်လာသည့် ကျောင်းသားများပါ နစ်နာမှုရှိလာနိုင်ကြောင်းလည်း ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ချင်းမိုင်မှ ကျောင်းသားတစ်ဦး အချက်အလက်အတု လုပ်ဆောင်ခြင်းကြောင်း Language School Visa များကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တင်းကြပ်လိုက်သေးကြောင်းလည်း သိရသည်။

စစ်ကော်မရှင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကို QR Code များ ထည့်သွင်း၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ၎င်း QR Code သည် မြန်မာနိုင်ငံ အစိုးရဌာနများသာ တရားဝင်အသုံးပြုနိုင်သော gov.mm မှ တစ်ဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website URL ဖြစ်သော verity.dme.gov.mm သို့ ချိတ်ဆက်ထားကြောင်း သိရသည်။

သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုရှိ ဖန်တီးထားသော QR Code သည် verity.dme.gov.mm သို့ ချိတ်ဆက်ခြင်းမဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပပြုလုပ်ထားသည်ကို တွေ့ရကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

"တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် အတုပြုလုပ်သည့် မသမာသူများမှ ဖန်တီးထားသော QR Code ပါသည့်အောင်လက်မှတ်များ ရှိနေသည်ကို သိရှိရသဖြင့် ယင်းအောင်လက်မှတ်အတုများတွင်ပါဝင်သော QR Code သည် verify.dme.gov.mm သို့ ချိတ်ဆက်ခြင်းမဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပ ပြုလုပ်ထားသည်ကို တွေ့ရှိရပြီး verify.dme.gov.mm သို့ချိတ်ဆက်၍ အချက်အလက်များစစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ်အစစ်ဖြစ်သည်"ဟု နိုဝင်ဘာ ၂၄ ရက်နေ့က အသိပေး ကြေညာထားသည်။

ထို့ကြောင့် အခြား Website URL များသို့ ချိတ်ဆက်ဖော်ပြထားသည့် မည်သည့် အောင်လက်မှတ်မဆို အတုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဆိုထားသည်။

လူမှုကွန်ရက်ပေါ်တွင်လည်း အောင်လက်မှတ်အတု ဝန်ဆောင်မှုပေးနေသည့် page များမှတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်အပြင်၊ ဘွဲ့လက်မှတ်၊ ဆယ်တန်းအမှတ်စာရင်း၊ ဘွဲ့အမှတ်စာရင်း၊ ကျောင်းထောက်ခံစာ၊ ဘွဲ့ထောက်ခံစာ၊ Japanese n4/n3/n2/n1၊ မွေးစာရင်း၊ ကျောင်းထောက်ခံစာနှင့် အောင်လက်မှတ်အထောက်အထားမျိုးစုံကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများစွာလည်း တွေ့ရှိနေရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.