spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းသာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်ကို စစ်ကော်မရှင်တပ်က အမှုဖွင့် အရေးယူ

    သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်ကို စစ်ကော်မရှင်တပ်က အမှုဖွင့် အရေးယူ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိကို စစ်ကော်မရှင်တပ်က အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိကို မော်လမြိုင်၊ တောင်ဝိုင်းတောင် ဖြိုနေသည့် ကိစ္စနှင့် ဇေတဝန်ကျောင်းပိုင် သာသနာမြေများ လေလံ တင်ရောင်းချခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ အမည်ပေါက်ပြောင်းလဲခြင်းကိစ္စတို့ကို လူမှုကွန်ရက် စာမျာနှာပေါ် ရေးတင်ခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေက ဖမ်းဆီးခံခဲ့ရသည်။

    ဆရာတော်ကို ဖမ်းဆီးပြီး သိက္ခာချ လူဝတ်လဲစေကာ အရှင်စန္ဒဇောတိ (လူအမည် ကျော်စွာလင်း) ၄၆ နှစ်ကို မော်လမြိုင် မုပွန်နယ်မြေရဲစခန်းတွင် (ပ)၂၇၀/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    “ဆရာတော်က လူမှုကွန်ယက်စာမျက်နှာမှတဆင့် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ပို့စ် တင်ခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ကြောင်းကို စစ်ဆေးတွေ့ရှိရပါတယ်” ဟု စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင် ဝါဒဖြန့်သတင်းစားတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် CRPH၊ PDF နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိ‌ရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Ashin Sanda Zawti” Facebook အကောင့်ကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူခြင်းဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။

    သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိနှင့်အတူ ဆရာတော်၏ တပည့် နှစ်ဦးကိုလည်း စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့နှစ်ဦးကို အမှုဖွင့် အရေးယူခြင်း ရှိ၊ မရှိကိုတော့ မသိရှိရသေးပေ။

    စစ်ကော်မရှင်တပ်က ဆရာတော် အရှင် စန္ဒာဇောတိကို ဖမ်းဆီး အရေးယူခဲ့သည့်အပြင် ဆရာတော် ကျောင်းတိုက်အတွင်းရှိ မော်တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် ၃ စီး၊ ဖုန်း၊ ကွန်ပျူတာနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

    ၎င်းပြင် ဆရာတော် ကျောင်းတိုက်အတွင်းရှိ သာသနဝံသ ကျောင်းဆောင်နှင့် သာသနာနွယ်ဖောင်းဒေးရှင်း ကျောင်းဆောင်တို့ကိုလည်း စစ်ကော်မရှင်က ချိပ်ပိတ်သိမ်းဆည်းလိုက်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts