Homeသတင်းအတန်းတင်စာမေးပွဲ စနစ်သစ်ကြောင့် ကျောင်းထွက်နှုန်းများမည်ကိုစိုးရိမ်ရဟုဆို

အတန်းတင်စာမေးပွဲ စနစ်သစ်ကြောင့် ကျောင်းထွက်နှုန်းများမည်ကိုစိုးရိမ်ရဟုဆို

-

အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲ မအောင်မရှိစနစ်အစား အကျစနစ်ဖြင့် ကျင့်သုံးရန်ရှိပြီး  ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ကျောင်းသူများ ကျောင်းထွက်မှုနှုန်းများလာမည်ကို စိုးရိမ်ရသည်ဟု  Non-CDM ပညာရေးဝန်ထမ်းများက ပြောသည်။

ယခုပညာသင်နှစ် (သို့မဟုတ်) လာမည့်ပညာသင်နှစ်မှစ၍ Grade 5, Grade 9, Grade 11 အတန်းများအား အဆိုပါ စာမေးပွဲစနစ်သစ်ကို အကောင်အထည်ဖော် ကျင့်သုံးသွားရန်ရှိကြောင်း ပညာရေးဌာနအသိုင်းအဝိုင်းများထံမှ သိရသည်။

နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေလုံလောက်စွာမရှိခြင်း၊ သင်ကြားမှုပိုင်းတွင် အရည်အသွေးပြည့်မှီစွာ မသင်ကြားနိုင်ခြင်းတို့ကြောင့် ကျောင်းသားကျောင်းသူများ ကြိုးစားအားထုတ်မှုနည်းလျှင် အတန်းတက်နိုင်မည်မဟုတ်ကြောင်း ကျိုက်မရောမှ Non-CDM ပညာရေးဝန်ထမ်းတစ်ဦးက  ပြောသည်။

ပုံ- သံဖြူဇရပ်အခြေခံပညာကျောင်း 

“ဆရာမအင်အားက အမြဲမလုံလောက်ဘူး လိုအပ်နေတော့ သင်ကြားတဲ့အပိုင်းမှာ အရည်အချင်း ပြည့်မီစွာနဲ့မရကြဘူး မူလတန်းဆိုပိုမလုံလောက်ကလေးတွေလည်းများ ဒီနောက်ပိုင်းပိုဆိုး နယ်မြေမတည်ငြိမ်တဲ့နေရာဆို ကျောင်းသာဖွင့်တာ ဆရာမ မရှိဘူး ဆရာမတစ်ယောက်ဆို နှစ်ခန်း၊ သုံးခန်းအထိ သင်နေရတယ်။ ဆရာရော တပည့်ရော အားထုတ်မှုနည်းရင်ကျောင်းထွက်လိုက်တဲ့ ကလေးဦးရေပိုများလာလိမ့်မယ်” ဟု ပြောသည်။

Grade 5 ကို မူလတန်းပြီးစီးကြောင်း၊ Grade 9 ကို အလယ်တန်းပြီးစီးကြောင်းနှင့် Grade 11 ကို Grade 12 အခြေခံနိုင်ရန်အတွက် ယခုကဲ့သို့ စာမေးပွဲစနစ်သစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

သို့သော် အတန်းပညာကိုဦးစားပေးမှုနည်းပါးပြီး အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဦစားပေးသည့် ကျောင်းသားမိဘများကြောင့် တစ်နှစ်တစ်တန်း မတက်နိုင်သည့် ကျောင်းသားလူငယ်များ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားနိုင်ကြောင်းလည်း  အခြားပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ တိုင်းရင်းသားဒေသတွေ၊ နယ်တွေမှာဆိုရင် မိခင်ဘာသာစကားပဲပြောနိုင်ကြတဲ့ကလေးတွေဆို သူတို့အတွက်နည်းနည်းခက်မယ်လေ။ မြို့ပေါ်ကကျောင်းဆိုရင်ကိစ္စမရှိဘူး ရွာကကလေးတွေကိုစိတ်ပူတယ် မအောင်ရင်ထွက်ကြတယ်၊ မိဘနဲ့ထိုင်းနိုင်ငံလိုက်သွားတယ်၊ ပြန်လည်ကုစားတာရှိဖို့အတွက် စာတင်ရမယ်” ဟု မုဒုံမှ Non-CDM ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါစနစ်ကို စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနမှ  မည်သည့်ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ကို အတိအကျ မပြောဆိုရသေးသော်လည်း ယခုပညာသင်နှစ်အတွင်း စတင်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

ယခု စာမေးပွဲစနစ်သစ်သည် စာတွေ့ကိုသာ အကဲဖြတ်သည့်စနစ်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးကျောင်းသားများ၏ ကျောင်းတွင်းလှုပ်ရှားမှုများ၊ အသိပညာ၊ အတတ်ပညာနှင့် အခြားစွမ်းရည်လက္ခဏာများကိုပါ အကဲဖြတ်သွားမည်ဖြစ်ခြင်းကြောင့် အချိန်မနစ်နာဘဲ တစ်နှစ်တစ်တန်းတက်လှမ်းနိုင်သည့် အခွင့်အရေးများ လွယ်ကူမည်ဟုလည်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

မွန်အမျိုးသားကျောင်းများအနေဖြင့် မူလတန်းအဆင့်ကို MNEC မှ ထုတ်ထားသည့်မူဝါဒအတိုင်း ဖြေဆိုသွားမည်ဖြစ်ပြီး Grade 9 နှင့် Grade 11 ကို စစ်ကော်မရှင် ပညာရေးဌာနနှင့် ပူးပေါင်းဖြေဆိုမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသားကျောင်း တာဝန်ရှိသူများမှ သိရသည်။

လက်ရှိတွင် စာမေးပွဲစနစ်အသစ်ကို အကောင်အထည်ဖော်နိုင်ရန် စစ်ကော်မရှင် ပညာရေးဝန်ထမ်းများက  ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပြီး  မည်သည့်စာသင်နှစ်တွင်ကျင့်သုံးသွားမည်ကို ပညာရေးဝန်ကြီးဌာနမှ တရားဝင်ကြေညာသွားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts