စာရေးသူ – မင်းဟံသာဝတီ
နှစ်ပေါင်း ၇၀ ကျော်ကျော် ချဉ်းကပ်လာနေပြီးဖြစ်သည့်တိုင် နည်းမျိုးစုံသုံး ဖြေရှင်းခဲ့ကြသော်လည်း ပြေလည်သွားခြင်း မရှိသည့် မြန်မာနိုင်ငံ၏ လူမျိုးစုပြဿနာမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်ထွန်း တိုးတက်မှုအရပ်ရပ်ကို ဟန့်တားနေသော အခြေခံအကျဆုံးပြဿနာတစ်ရပ် ဖြစ်သည်ဆိုခြင်းအား လူအများစုက သဘောတူနိုင်မည်ဟု ယုံကြည်ပါသည်။ လူမျိုးစုပြဿနာသည် ပါဝင်ပတ်သက်ဆက်နွှယ်နေကြသည့် အကျိုးရှင် အုပ်စုများ၊ အထူးသဖြင့် အဆုံးအဖြတ် အင်အားရှိသည့် အာဏာရအစိုးရများ ခေတ်ဆက်ဆက်ကလည်း နည်းမျိုးစုံဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေခဲ့ကြသည့်ကြားမှ “လူမျိုးစုပြဿနာ” ကို ပြေငြိမ်းသွားခြင်းမရှိဘဲ၊ ယနေ့ထိတိုင် တင်းခံနေဆဲဖြစ်သည့် ပြဿနာတစ်ရပ် ထင်သာမြင်သာပါပဲ။ မြန်မာအစိုးရ ခေတ်အဆက်ဆက်က ခေါင်းစဥ်မျိုးစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပညှိနှိုင်းခြင်း၊ လက်နက်ချစေခြင်း၊ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်စေခြင်း၊ စစ်အနိုင်တိုက်ခြေမှုန်းခြင်း၊ အပစ်အခတ်ရပ်စဲရေးမှ နယ်ခြားစောင့်တပ်အသွင်ပြောင်းစေခြင်း အစရှိသဖြင့် ပုံစံမျိုးစုံသုံး ဖြေရှင်းခဲ့ကြသော်လည်း “လူမျိုးစုပြဿနာ”ကို ပြေငြိမ်းမသွားခဲ့ခြင်း၊ အဖြေထွက်ခဲ့ခြင်း မရှိခဲ့ပါဘူးလို့ လူတိုင်းအသိပါပဲလေ။

သို့ရာတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရများလည်းပဲ သူတို့လက်ထက်မှာ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအများစုနှင့် တည်တံ့သော အပစ်အခတ် ရပ်စဲရေးများ ရယူထိန်းသိမ်းနိုင်ခဲ့ခြင်း ရှိခဲ့ပါသည်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် စစ်တပ်ထွက် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်မှာလည်းပဲ အတိုင်း အတာတစ်ခုထိ တည်တံ့သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ခဲ့ သည့်အပြင်၊ ပဓာနပြုအကျိုးရှင်အုပ်စုများ အကျယ်အပြန့် ပါဝင်ခွင့်ရခဲ့ကြသည့် ငြိမ်းချမ်းရေးညီလာခံ တစ်ခု ကိုပါ ကျင်းပနိုင်ခဲ့ပါသည်။ ထို့အတူ ဒီချုပ်ပါတီ ဦးဆောင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်နှင့် ဦးဝင်းမြင့် အစိုးရကာလလည်းပဲ ပိုမိုကျယ်ပြန့်လာခဲ့သော ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ခဲ့ရုံမျှမက နိုင်ငံတကာတွင် ကျင့်သုံးခဲ့ကြသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်များနှင့် အညီဖြစ်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှု တည်ဆောက်ရေးလုပ်ငန်းစဉ် အသစ်တစ်ခုကိုပါ ထုတ်ပြန်နိုင်ခဲ့ပါသည်။ ထို့အပြင် ခေတ်အဆက်ဆက် မြန်မာ့စစ်တပ်၏ နိုင်ငံရေးအုပ်စိုးမှုအောက်တွင် နှုတ်မှ ထုတ်ဖော် မပြောရဲ သည်အထိ ဖြစ်ခဲ့သည့် တားမြစ်ခဲ့သောဝေါဟာရ “ဖက်ဒရယ်” ကိုလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှ အစပြု၍ အစိုးရ၊ နိုင်ငံရေးပါတီများနှင့် လူမျိုးစုအဖွဲ့အစည်း၊ အသင်းအဖွဲ့များသာမက မြန်မာနိုင်ငံ၏ သီးခြား နိုင်ငံရေးယူနစ် Political Unit တစ်ခုဖြစ်လာသည့် စစ်တပ်ကပါ မြန်မာနိုင်ငံတွင် လူမျိုးစုပြဿနာ ဖြေရှင်းရေးတွင် အဓိကကျသည့် ဖြေရှင်းမှုပုံစံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီဟု ဆိုရမည်ဖြစ်ပါသည်။
မြန်မာစစ်တပ်၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များအားလုံးက ဖက်ဒရယ်ဝါဒအခြေခံမူများဖြင့် မြန်မာနိုင်ငံ၏ လူမျိုးစုပြဿနာ၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ တည်ထောင်ရေးပြဿနာကို ဝိုင်းဝန်းဖြေရှင်းကြတော့မည့်အနေအထားဟု မှတ်ယူခဲ့ရပါသည်။
သို့ရာတွင် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များ အံ့သြတကြီး ဖြစ်ခဲ့ကြရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများ ဆောင်ရွက်နိုင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာပင် အပစ်ရပ်ပြီးသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့အချို့နှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ နိုင်ငံ၏ အရှေ့မြောက်ဘက် ပြန်လည် ဖြစ်ပွားလာခဲ့ပြီး ယခုလက်ရှိ ပိုမိုကျယ်ပြန့်သည့် စစ်အစိုးရလက်ထက်ထဲအထိ ပစ်ခတ် တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းမရှိခဲ့ပါ။ ထို့အပြင် စစ်ပွဲများဖြင့် အနိုင်တိုက် ဖြေရှင်းခဲ့ပြီးဖြစ်သည့် ကိုးကန့်ဒေသတွင်သာမက ငြိမ်းချမ်းပြီဟု မှတ်ယူထားကြသည့် နိုင်ငံအရှေ့တောင်ပိုင်း ကရင်ဒေသအချို့တွင်ပါ လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။ ရခိုင်ဒေသတွင်လည်း ဆယ်စုနှစ်များစွာ စစ်အနိုင်တိုက် ဖြေရှင်းခဲ့ပြီးဖြစ်သည့် လက်နက်ကိုင်ခုခံမှု ပြန်လည်အစပျိုးခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်းသို့ ရောက်သည့်အခါ အပစ်ရပ်ထားစဉ်ကာလများအတွင်း မြန်မာ့စစ်တပ်က “လက်နက်ကိုင်အဖွဲ့အစည်းများ” ဟု ပြောင်းလဲခေါ်ဝေါ် ခဲ့ကြသည့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး နိုင်ငံရေးအဖွဲ့အစည်းများကို ပြည်တွင်းစစ် ပြင်းထန်ခဲ့သည့်ကာလ များအတွင်း ခေါ်ဝေါ်ခဲ့သည့်အတိုင်း “သောင်းကျန်းသူ”ဟု ပြောင်းလဲခေါ်ဝေါ် လာပါသည်။
ဖက်ဒရယ်ဝါဒ သဘောတရား အကောက်အယူများအပေါ် အခြေပြုသည့် လူမျိုးစု ဖက်ဒရယ် ပြည်ထောင်စုပုံစံ ဖြေရှင်းမှုမျိုးကို ကွဲလွဲမှုကြီးမားသည့် နိုင်ငံလူ့အဖွဲ့အစည်းများတွင် ကာလတာရှည် ဖြစ်ပွားနေခဲ့သော လက်နက် ကိုင်ပဋိပက္ခများအား ဖြေရှင်းရာ၌ ထိရောက်မှုရှိသည့်အပြင်၊ ရေရှည်တည်တံ့သည့် ဖြေရှင်းမှုပုံစံအဖြစ်လည်း ပညာရှင်အများစုက သဘောတူထောက်ခံခဲ့သည်။ ပြဿနာတွင် ပါဝင်နေကြသည့် အကျိုးရှင်အားလုံးက မြန်မာ နိုင်ငံ ပြည်တွင်းစစ်ပြဿနာကို ဆိုခဲ့သည့် ဖက်ဒရယ်ဝါဒ အခြေခံပေါ်မှ ဖြေရှင်းကြတော့မည့် အနေအထားသို့ ရောက်ရှိပြီးသည့်အခြေအနေမျိုးတွင်မှ မြန်မာငြိမ်းချမ်းမှု တည်ဆောက်ရေးဖြစ်စဉ်မှာ အကောင်းဘက်သို့ ရွေ့ မလာဘဲ လက်နက်ကိုင်တိုက်ပွဲများ တစ်စထက်တစ်စ ပြန်လည်ကျယ်ပြန့်လာသည့်အပြင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် မြန်မာစစ်တပ်ကြား ရန်ဘက်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိလာသည့် အနေအထားမှာ ဆင်ခြင်တွေးတောစရာ မေးခွန်းများ ထွက်ပေါ်လာစေပါသည်။
ဤအခြေအနေသို့ ပြန်လည်ဆိုက်ရောက်လာရသည့် အကြောင်းရင်းများစွာ ရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ငြိမ်းချမ်းရေးဒီမိုကရေစီကျသည့် နိုင်ငံတစ်ရပ်တည်ဆောက်ရေးတွင် ပဓာနကျသည့် အကျိုးရှင်များဖြစ်ကြသော အစိုးရ၊ မြန်မာစစ်တပ် နှင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည့် မြန်မာပြည်ထောင်စုနိုင်ငံ တည်ထောင်ရေး Nation Building နှင့် လစ်ဘရယ်ဒီမိုကရေစီဖြင့် နိုင်ငံတည်ဆောက်ရေး State Building ပြဿနာကို ဖြေရှင်းမည့်ပုံစံအဖြစ် မူအားဖြင့် သဘောတူထားခဲ့ကြပြီးဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာအကောက်အယူများကို သိမြင်ခံယူပုံများတွင် အခြေခံကျကျ ကွဲလွဲနေကြသည်ဟု ယူဆပါသည်။
ဤနေရာ၌ သာလွန်အင်အားဖြင့် အဆုံးအဖြတ်အခန်းမှ ဦးဆောင် ပါဝင်နေသည့် မြန်မာစစ်တပ်နှင့် အချို့သော အင်အားစုများက ကွဲလွဲမှုကြီးမားသည့် နိုင်ငံလူ့အဖွဲ့အစည်းများတွင် တည်ထောင်ကြရသည့် ပြည်ထောင်များ၏ နိုင်ငံ State-Nation ပုံစံအစား၊ မြန်မာပဒေသရာဇ်များ အေဒီဒုတိယထောင်စုနှစ်စွန်းစ ကာလများကတည်းက အစပြုခဲ့ပြီး ယခုထက်တိုင် အပြီးမသတ်နိုင်သေးသည့် တစ်ပြည်ထောင်အမျိုးသားနိုင်ငံ Unitary Nation-State တည်ထောင်ရေးကိုသာ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်ဖော်ဆောင်သွားရန် အားသန်နေဆဲ ဖြစ်ပါ သည်။ မြန်မာစစ်တပ်နှင့် အချို့သော အင်အားစုများက လူမျိုးစုဖက်ဒရယ်စနစ်အစား လူမှု-ယဉ်ကျေးမှု ကွဲပြားခြင်းကို ဖျက်သိမ်းသည့် လူမျိုးစုရောနှော ကွယ်ပျောက်ရေး ဖက်ဒရယ်စနစ် Anti-Ethnic Federalism ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်လိုစိတ်ပြင်းပြနေကြသည် ဟူ၍ ပညာရှင် အန်တာဆန် Anderson က ရေးသားခဲ့ဖူးသည်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်အာဏာသိမ်းပြီး စစ်အာဏာရှင်ခေါင်းဆောင်များ ခေတ်အဆက်က် ယနေ့စစ်အာဏာရှင် မင်းအောင်လှိုင်ခေတ်ထိ မြန်မာနိုင်ငံကို “ဗမာလူမျိုး ပိုင်ဆိုင်ထားသည့်ပစ္စည်းတဖွယ် သဘောထားပြီး လူမျိုးစု ဆန္ဒမပါဘဲ စိတ်ကြိုက်ပိုင်းခြားခြယ်လှယ်” နေပါသည်။ ဥပမာအားဖြင့် တိုင်းပြည်နယ်မြေနယ်နိမိတ်များကို စစ်ခေါင်းဆောင်ဗိုလ်နေဝင်းခေတ်မှာ တိုင်း (၇)ခု နှင့် ပြည်နယ် (၇) ခုကို ပိုင်းခြားခဲ့ခြင်း။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၂၀၁၀ အထိ ပြည်နယ် (၇)ခုအတွင်းရှိ တချို့သောနယ်မြေများကို နယ်နိမိတ်အမည်သစ် “အထူးဒေသ” ဖြင့် ထပ်မံပိုင်းခဲ့ခြင်း။ ဗိုလ်နေဝင်းနှင့် ဗိုလ်သန်းရွှေတို့လက်ထက်မှာ တိုင်းပြည်နယ်မြေ စိတ်ကြိုက်ပိုင်းခြားထားသော နယ်မြေများကို ၂၀၀၈ ခြေဥထဲ၌ တရားဝင်ကျင့်သုံးသည့်အချိန် ဒီကိစ္စကို ကိုယ်တွယ်ဖြေရှင်းရန် NLD အစိုးရသက်တမ်း (၅) နှစ်တင်းတင်း လွှတ်တော်ထဲမှာ မည်သည့်အဆိုကိုမှ မတင်သွင်းခဲ့ပါ။ ၂၀၂၁ ခုနှစ် ဗိုလ်မင်းအောင်လှိုင်က တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးနောက် လူမျိုးစုပြည်နယ် (၇) ခု၌ တချို့နယ်မြေများကို “ခရိုင်” များဖြင့် ထပ်မံပိုင်းခြားခဲ့ပြန်သည်။ လွတ်လပ်ရေးရပြီးနောက် ယနေ့ခေတ်ထိ တိုင်းပြည်နယ်မြေကို လူမျိုးစုသဘောဆန္ဒမပါဘဲ ဗမာလူမျိုးပိုင်မြေကဲ့သို့ သဘောထားပြီး အမျိုးမျိုးပိုင်းခြား၊ စိတ်ကြိုက်ခြယ်လှယ်နေ ခြင်းဟာ စစ်ခေါင်းဆောင်တွေပဲ သတိမူကြပါ။
တစ်ပြည်ထောင်အမျိုးသားနိုင်ငံပုံစံ သို့မဟုတ် လူမျိုးစု-ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်စနစ်ဖြင့် မြန်မာနိုင်ငံ တည်ထောင်ရေးပြဿနာကို ဖြေရှင်းရန် အလွန်ခဲယဉ်းသွားမည်ဖြစ်သည့်အပြင် တန်ကြေးလည်း အလွန် ကြီးလိမ့်မည်ဟု ဆိုရပါမည်။ တစ်ဆက်တည်းတွင် အခွင့်ထူးပေးသည့် စုစည်းလူမျိုးစု-ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ပြည်ထောင်များ၏ နိုင်ငံဖွဲ့စည်းတည်ထောင်ခြင်းဖြင့်သာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး အဖြေဖြစ်မည်ဟု အဆိုပြုသည်။ အကောက်အယူများ၊ သမိုင်းကြောင်းနှင့် နိုင်ငံတကာအတွေ့အကြုံအချို့တို့ကို အထောက်အထားပြုပြီး မြန်မာနိုင်ငံတည်ထောင်ရေးပြဿနာကို ချိန်ထိုး ခွဲခြမ်းကြည့်ရပါမည်။
သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးနောက် ယနေ့ကြုံတွေ့ရင်ဆိုင်နေရသည့် စစ်ရေးပဋိပက္ခ၊ နိုင်ငံရေးမတည်ငြိမ်းမှု၊ စီးပွားရေးကျဆင်းမှု၊ လူမှုရေးအကျပ်အတည်း စသည်တို့ကို ဖြေရှင်းနိုင် ရန်အတွက် ယနေ့အမည်ထွက်နေသော “မင်းအောင်လှိုင် ဦးဆောင်ကျင်းပပေးသည့် ရွေးကောက်ပွဲရလဒ်” အား လက်ရှိကြုံတွေ့နေသည့် လူမျိုးစုပဋိပက္ခနှင့် နိုင်ငံရေးပြဿနာတို့ကို အဖြေပေါ်နိုင်မည်လော …? လက်တွေ့ကျ မည်လော… ? တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါသည်။


