Homeသတင်းမိုးဆက်လက်ရွာသွန်းနေသဖြင့် ရော်ဘာရာသီအစတွင် အထွက်နှုန်းနည်း

မိုးဆက်လက်ရွာသွန်းနေသဖြင့် ရော်ဘာရာသီအစတွင် အထွက်နှုန်းနည်း

-

မွန်ပြည်နယ်၊ ရော်ဘာရာသီအစတွင် ဈေးကောင်းမရရှိသည့်အပြင် မိုးဆက်လက်ရွာသွန်းမှုကြောင့် ရော်ဘာအထွက်နှုန်းနည်းပြီး လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲကြုံနေရကြောင်း သိရသည်။

နေ့စဉ်မိုးများဆက်လက်ရွာသွန်းနေခြင်းဖြစ်သဖြင့် ရော်ဘာခြစ်ရန်မလွယ်ကူကြောင်း၊ ရော်ဘာရာသီစတင်ခဲ့သည့် စက်တင်ဘာလမှစ၍ လက်ရှိအချိန်အထိ ရော်ဘာပေါင်အနည်းငယ်သာ ရရှိသေးကြောင်း  သံဖြူဇရပ်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဦးတို့ မှာ ရော်ဘာပင် ၄၀၀၀ လောက်ရှိတယ်။ အရင်နှစ်တွေဆို တော်တလင်းလဆုတ်ပိုင်းလောက်လို အစေးခြစ်လို့ရနေပြီး။ ဒီအချိန်ထိဆို ရော်ဘာပေါင်တစ်ထောင်လောက်ရနေပြီး။ ဒီနှစ်မှာတော့ မိုးကခုထိရွာနေတော့ ပေါင်တစ်ရာလောက်တောင် မရသေးဘူး” ဟု ဆိုသည်။

ယခုအောက်တိုဘာလအတွင်း နေလှန်းရော်ဘာတစ်ပေါင် ၂,၃၀၀ ကျပ်၊ မှိုင်းခံရော်ဘာတစ်ပေါင် ၂,၇၀၀ ကျပ်နှင့် RSS-3 တစ်ပေါင်လျှင် ၂,၅၀၀ ကျပ်မှ ၂,၈၀၀ ကျပ်ဝန်းကျင်ဈေးရှိနေပြီး ယမန်နှစ်က ရော်ဘာဈေးနှင့်ယှဉ်ပါက ဈေးနှုန်းကျဆင်းနေကြောင်းလည်း သိရသည်။

ရာသီဥတုကြောင့် ရော်ဘာထွက်ရှိမှုနည်းနေချိန်တွင် ရော်ဘာအမြင့်ဈေးဖြင့် ရှိနေသင့်သော်လည်း နိုင်ငံတကောပေါက်ဈေးပေါ်မူတည်၍ ဈေးအတက်အကျရှိနေခြင်းကြောင့် ဈေးနှုန်းအနိမ့်ဘက်တွင် ရှိနေကြောင်းလည်း တင်ပို့ရောင်းချသူများမှ သိရသည်။

ရော်ဘာလုပ်ငန်းကို မွန်ပြည်နယ်တွင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံစသည့် မြို့နယ်များတွင် အဓိက လုပ်ကိုင်ကြပြီး၊ လက်ရှိအခြေအနေကြောင့် လုပ်ငန်းလုပ်ကိုင်သူများ စာဝတ်နေရေးမပြေလည်မှုများ ကြုံနေရသည်။

ထို့အပြင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေကြောင့် ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံနှင့် အခြားမြို့နယ်များတွင်လည်း ရော်ဘာလုပ်ငန်း မစတင်နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။

"ဒီရေးမြို့နယ်ဘက်မှာတော့ ညရှစ်နာရီကနေ့ မနက်လေးနာရီအထိ ခြံသွားခွင့်မရှိဘူး။ စစ်တပ်က ညွှန်ကြားထားတယ်။ စစ်ရေးကလည်း တစ်ဖက်။ ကျွန်တော်တို့ရော တချို့သူတွေရော အစေးမခြစ်နိုင်သေးဘူး”ဟု ရေးမြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

ထိုကြောင့် ယခုနှစ်အတွင်း ရော်ဘာလုပ်ငန်းအခြေပြု၍ လုပ်ကိုင်စားသောက်နေကြသူများအတွက် စာဝတ်နေရေး ပိုမိုကြပ်တည်းနေကြောင်း သိရသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာအများဆုံး စိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးခင်းအရွယ်အစား ဧကပေါင်း ၅ သိန်းကျော်ရှိသည်။ ရော်ဘာစိုက်ခင်းများမှ နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထွက်ရှိပြီး ထွက်ရှိလာသော ရော်ဘာများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts