Homeသတင်းမြဝတီနယ်စပ်ဒေသဘက် Starlink အင်တာနက်များ စတင်ဖြတ်တောက်ခံနေရ

မြဝတီနယ်စပ်ဒေသဘက် Starlink အင်တာနက်များ စတင်ဖြတ်တောက်ခံနေရ

-

ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် ဝေါလေဒေသတစ်ဝိုက်ရှိ Starlink အသုံးပြုသူများ ယနေ့နံနက်ပိုင်းမှစ၍ လိုင်းမရရှိတော့ဘဲ အင်တာနက်စတင်ဖြတ်တောက်ခံနေရကြောင်း အသုံးပြုသူနှင့် ဝန်ဆောင်မှုပေးနေသူများမှ သိရသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့ တပြေးညီ ဖြတ်တောက်ခံရမှု မကြုံရကြောင်းနှင့် တည်နေရာများ ပြောင်းလဲအသုံးပြုခြင်း အိုင်ဒီနံပါတ်များ ပြောင်းလဲအသုံးပြုခြင်းများကို လုပ်ဆောင်၍မရတော့သဖြင့် လုံးဝပိတ်ခံထားရသည့် အခြေအနေဖြစ်နေသည်ဟု မြဝတီမှ Starlink အင်တာနက် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

နေရာဒေသအပေါ်မူတည်၍ စက်အချို့အသုံးပြုနိုင်သေးသဖြင့် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်းလည်း ဆိုသည်။

"လောလောဆယ် မြဝတီဘက်ကအများဆုံးပေါ့၊ ရွှေကုက္ကိုလ်နဲ့ ဝေါလေဘက်လည်းဖြစ်တယ် အဲလိုပေါ့၊ အားလုံးပိတ်တာလည်း မဟုတ်ပြန်ဘူး၊ ရတဲ့နေရာလည်းရသေးတယ်၊ မနက်ဖြန် သဘက်ခါတော့ မပြောတတ်ဘူးပေါ့၊ ခွဲခွဲပြီးပိတ်နေလားတော့ မပြောတတ်ဘူး၊ ဘုရားသုံးဆူဘက်လည်း တော့မကြားမိသေးဘူးပေါ့"ဟု သူကပြောသည်။

Starlink ၏ တရားဝင် အီးမေလ်မှ "သင့်၏အကောင့်တွင် ပုံမှန်မဟုတ်သည့် လုပ်ဆောင်ချက်များကို တွေ့ရှိရသည်။ ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ဝင်ရောက်ခွင့်ကို တရားဝင်ပိတ်ထားမည်ဖြစ်သည်။"ဟူသည့် စာတိုများကိုလည်း ပေးပို့နေကြောင်း သိရသည်။

ကျားဖြန့်ကိစ္စကြောင့် အင်တာနက်ဖြတ်တောက်ခံရမှု ဖြစ်နိုင်သည်ဟု နည်းပညာပိုင်းကျွမ်းကျင်သူများက သုံးသပ်လျှက်ရှိသော်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လုပ်ငန်းလည်ပတ်မှုအတွင်း Starlink ပါဝင်ပတ်သတ်နေမှုကို စုံစမ်းစစ်ဆေးရေးစတင်နေသည့် အမေရိကန်ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

မြဝတီနှင့်နည်းတူ Starlink အင်တာနက် အဓိကသုံးပြုနေရသည့် ဘုရားသုံးဆူဒေသခံများလည်း အင်တာနက်ဖြတ်တောက်ခံရမည့်သတင်းကြောင်း စိုးရိမ်နေကြကြောင်း၊ ယနေ့မွန်းလွှဲပိုင်းအထိ အင်တာနက်လိုင်းရရှိနေသေးကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

"အခုဘုရားသုံးဆူမှာလည်း အဲ့သတင်းကပြန့်နေတာပေါ့၊ ဒါပေမဲ့လည်း ဘာမှမဖြစ်သေးဘူးပေါ့နော်၊ အင်တာနက်အမြန်နှုန်းလည်းမလျော့ဘူး၊ အဲလိုသတင်းထွက်နေတော့ စိတ်ပူကြတာပေါ့"ဟု ဆိုသည်။

Starlink အင်တာနက်လိုင်း အဓိကအသုံးပြုနေသည့် လွတ်မြောက်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ ဒေသခံများအတွက် စိုးရိမ်စရာဖြစ်သည့်အပြင် သတင်းအမှောင်ချပြီး စစ်ကော်မရှင်၏ လူအခွင့်အရေးချိုးဖောက်မှုများ လက်လွတ်စပယ် လုပ်ဆောင်လာမည်ကို စိုးရိမ်ရကြောင်းလည်း နည်းပညာကျွမ်းကျင်သူများက ဆိုသည်။

မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ လုပ်ငန်းလည်ပတ်မှုအတွင်း Starlink ပါဝင်ပတ်သတ်နေမှုကို စုံစမ်းစစ်ဆေးရေးစတင်နေပြီးဖြစ်သည်ဟု အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲရေးကော်မတီက AFP သတင်းဌာနကို ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုထားပြီးနောက် နယ်စပ်နေဒေသခံများ အင်တာနက်ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေကြသည်။

Starlink ကို မြန်မာနိုင်ငံတွင် တရားဝင်အသုံးပြုခွင့်မရှိသော်လည်း ကျားဖြန့်နှိမ်နင်းမှုကြောင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် နယ်စပ်ဒေသခံများက ထိုင်းမှတဆင့် တရားမဝင်တင်သွင်းသည့် Starlink စက်များကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုလာသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts