Homeသတင်းဝဥဖော်ချိန်တန်သော်လည်း တောင်သူများ ဝဥမဖော်နိုင်သေး

ဝဥဖော်ချိန်တန်သော်လည်း တောင်သူများ ဝဥမဖော်နိုင်သေး

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ဘက်တွင် တောင်သူများစိုက်ပျိုးထားသည့် ဝဥခင်းများ ဖော်ချိန်တန်သော်လည်း ဖော်ခွင့်မရသေးကြောင်း တောင်သူနှင့်အဝယ်ဒိုင်များက ဆိုသည်။

ဒေသထွက်ဝဥများကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှစ၍ တောင်သူများစတင်တူးဖော်ရောင်းချနေကြပြီး ယခင်နှစ်ကထက် ဈေးကောင်းရနေသဖြင့် တူးဖော်ရောင်းချသူ များပြားနေကြောင်း သိရသည်။

သို့သော် နေ့စဉ်ပစ်ခတ်မှုဖြစ်နေသည့် ရေဖြူမြို့နယ်တွင် ဝဥစိုက်ခင်းများကို အချိန်အတန်ကြာ ပစ်ထားခဲ့ရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေရကြောင်းလည်း ရေဖြူဒေသခံဝဥတောင်သူတစ်ဦးက ဆိုသည်။

“အခုအချိန်က ဝဥ ဝယ်တဲ့အချိန်ဖြစ်ပေမဲ့လည်း ရှောင်နေရတယ်ဆိုတော့ ဝဥတွေ မတူးရသေးဘူး။ သွားလည်းမကြည့်ရဲဘူး။ ပျောက်မှာကိုလည်း စိုးရိမ်နေရတယ်။” ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

နိုင်ငံရေးအခြေအနေကြောင့် ရေဖြူမြို့နယ်ရှိ တောင်သူအချို့ ၃ နှစ်ကြာသည်အထိ ဝဥမဖော်နိုင်ဘဲ အစေ့သာရောင်းဝယ်နေရကြောင်းလည်း ဆိုသည်။

ရာသီအစတွင် ဈေကောင်းရပြီး လိုက်လံဝယ်ယူသူများနေစဥ် တနင်္သာရီတိုင်းမှ ထွက်ရှိသည့် ဝဥများ ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းပိုင်း အခြေအနေကြောင့် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ကြောင်း တနင်္သာရီမြို့မှ ဝဥအဝယ်ဒိုင်တစ်ဦးက ဆိုသည်။

“အဓိကပြောချင်တာက လမ်းကြောင်းအပေါ်မှာပဲမူတည်တယ်။ လမ်းတွေဆက်ပိတ်ထားမယ်ဆို ဈေးကျမယ်။ လမ်းပွင့်ရင် ဈေးတက်မယ် နောက်ထပ် ဆယ်ရက်လောက်ဘဲပိတ်တောင် ဈေးကျလောက်တယ်ဗျာ”ဟုဆိုသည်။

ဝဥဈေးကွက်မှ ပေါက်ဈေးအရ  လက်ရှိတွင် တစ်ပိသာ ၃၅၀၀ မှ ၄၀၀၀ ကျပ်အတွင်း ဈေးကောင်းရနေပြီး မုန်တိုင်းကာလကြောင့် တောင်သူများ ဝဥတူးရန်အခက်အခဲရှိနေသဖြင့် ယခုရက်ပိုင်းအတွင်း စက်ရုံတွင် ဝဥအဝင်နည်းနေကြောင်းလည်း ဆိုသည်။

ထို့အပြင် စက်ရုံလိုအပ်ချက်အပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲမြန်နေသဖြင့် စုံးစမ်းမေးမြန်းပြီးမှ အရောင်းအဝယ်ပြုလုပ်ရန်လည်း အဝယ်ဒိုင်များက တိုက်တွန်းထားသည်။

ဒေသထွက်ဝဥများကို မတ်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး၊ ၎င်းတို့ကို စက်တင်ဘာလမှ ဒီဇင်ဘာလအထိ တူးဖော်ရောင်းချလေ့ရှိကြောင်း သိရသည်။ 

လက်ရှိ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဝဥများကို အိမ်တိုင်ရာရောက် ဈေးကောင်းပေး၍ လိုက်လံဝယ်ယူနေသဖြင့် တောင်သူများ အနည်းငယ် အဆင်အပြေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts