Homeသတင်းကျောက်မဲမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ

ကျောက်မဲမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း TNLA က ဆိုသည်။

ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး မြို့နှင့် ၅ မိုင်ခန့်အကွာအဝေးရှိ လုံဝယ်နှင့် စခန်းသာအနီးတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

“တိုက်ပွဲက ပြင်းထန်နေတုန်းပဲဖြစ်ပါတယ်။ ကျွန်မတို့ကတော့ အခု ကျောက်မဲမြို့ပေါ်မှာပဲ ခံစစ်အနေအထားနဲ့ ဖြစ်ပါတယ်။ စစ်တပ်ကတော့ မြို့ထဲကို မရောက်သေးပါဘူး။ ကျွန်မတို့ဘက်ကလည်း ကျောက်မဲမြို့ပေါ်ကနေ ဆုတ်ခွာပေးလိုက်ရတာမျိုး မရှိသေးပါဘူး” ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းရွာဘက်ရှိ TNLA ဂိတ်စခန်းကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် အရပ်သားများ လာရောက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

TNLA ဂိတ်စခန်းကို ဖျက်ဆီးရန် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စေခိုင်းခဲ့ကြောင်း၊ SSPP က စစ်တပ်ထံ သတင်းပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျွန်မတို့ စခန်းဖျက်ဆီးခံရတာ မှန်ပါတယ်။ SSPP ပါဝင်လား မပါဝင်လားဆိုတာတွေကို ကျွန်မတို့ဘက်က သက်သေတွေ ရဖို့ ကြိုးစားနေပါတယ်။ ဒီစစ်ရေးသတင်းပေးအခြေအနေတွေလည်း ပါတာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျွန်မတို့ စစ်တပ်သတင်းပေး ၂ ယောက် အထောက်အထားသက်သေတွေနဲ့ ဖမ်းမိထားပါသေးတယ်။”ဟု ဆိုသည်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း TNLA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားအချို့လည်း ပြန်လည်နေထိုင်ခဲ့ကြသည်။

ယခုအခါ တကျော့ပြန်တိုက်ပွဲများကြောင့် အရပ်သားများ မြို့ကိုထပ်မံစွန်ခွာကြသလို ဆက်လက် နေထိုင်သူများလဲ ရှိနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်က အရပ်သားပစ်မှတ်များကိုပါ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်လာမည်ကို အထူးသတိပြုကြရန် TNLA တာဝန်ရှိသူက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts