Homeသတင်းရေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီ ပါသွား

ရေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီ ပါသွား

-

မွန်ပြည်နယ်၊ ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်ရှိ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီတန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၂ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းနေချိန် သူခိုးက နေအိမ်ခေါင်မိုးဖောက်ပြီး ဝင်ခိုးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။

“ပစ္စည်းတွေက အပေါ်ထပ်မှာ ထားထားတယ်။ အိမ်သားတွေက အိမ်အောက်ထပ်မှာ အိပ်ကြတယ်။ ရွှေထည်ပစ္စည်းပေါင်းစုံ ကျပ်သိန်း လေးငါးထောင်ဖိုးလောက် ပါသွားတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး နေအိမ်ဖောက်ထွင်းသူကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။  

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးမြို့ပေါ်ရှိ ကုန်စုံဆိုင်တချို့ ဖောက်ထွင်းခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။

ရေးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း ညပိုင်း ခိုးမှုနှင့် နေအိမ်ဖောက်ထွင်းခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံတို့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်တွင် ရွှေဆိုင်သိမ်းပြီး အိမ်ပြန်လာသည့် ဇနီးမောင်နှံနှစ်ဦးကို သေနတ်ပြပြီး ရွှေထည်လုယက်မှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts