spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမြဝတီမြို့တွင် မှောင်ခိုဈေးကွက်မှတစ်ဆင့် စက်သုံးဆီ ဝယ်ယူအသုံးပြုနေရ

    မြဝတီမြို့တွင် မှောင်ခိုဈေးကွက်မှတစ်ဆင့် စက်သုံးဆီ ဝယ်ယူအသုံးပြုနေရ

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားသည့်နောက် နယ်စပ်မှောင်ခိုလမ်းမှတစ်ဆင့် တင်သွင်းလာသည့် စက်သုံးဆီများကို ဈေးကြီးပေးဝယ်ယူအသုံးပြုနေရကြောင်း မြို့ခံများက ဆိုသည်။

    ပြည်တွင်းစက်သုံးဆီများကို မြဝတီမြို့ဘက်သို့ တင်သွင်းခွင့်ပိတ်ထားခြင်းသဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့မှစတင်၍  မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအတွင်း ဓာတ်ဆီနှင့်ဒီဇယ်ဆီ ပြတ်လပ်လာခြင်းဖြစ်သည်။

    လက်ရှိတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် စက်သုံးဆီများကို ရသမျှနည်းဖြင့်တင်သွင်းလာပြီး စက်သုံးဆီဆိုင်ကြီး၊ ဆိုင်သေးများအပြင် အွန်လိုင်းမှတစ်ဆင့်လည်း ရောင်းချနေကြောင်း  မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ဆီဈေးကလေ ပုံမှန်မရှိဘူး။ ဆီဆိုင်တွေက သူတို့ကြိုက်သလို ဈေးခေါ်နေတာလေ၊ မှောင်ခိုဈေး ဆိုတော့ တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးလည်းမတူဘူး။ ဈေးတွေကတော့ အဆမတန်တက်လာတယ်။ ဆီဈေးတက်တော့ deli ခတို့ Taxi ခတို့လည်း တက်လာတယ်” ၎င်းက ပြောသည်။

    လက်ရှိမြဝတီမြို့ပေါ်ရှိ ဆီမှောင်ခိုဈေးကွက်အတွင်း 92 တစ်လီတာလျှင် အနည်းဆုံး ၇၈၀၀ ကျပ်၊ 95 တစ်လီတာလျှင် အနည်းဆုံး ၉၀၀၀ မှ ၁၂၀၀၀ ဝန်းကျင်အထိရှိကြောင်း ဆက်ပြောသည်။

    မြဝတီမြို့ပေါ်နေထိုင်သူများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ စက်သုံးဆီသွားရောက်ဝယ်ယူသူများ၍ နှစ်နိုင်ငံချစ်ကြည်ရေးတံတား ၁ ၌ ယမန်နေ့မှစ၍ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်နေကြောင်းလည်း ဒေသအခြေစိုက် သတင်းများမှဖော်ပြချက်အရ သိရသည်။

    ထိုင်းအာဏာပိုင်အဖွဲ့မှ စက်သုံးဆီမှောင်ခိုသယ်ယူမှုကို မကြာခဏ ဖမ်းဆီးနေသော်လည်း နယ်စပ်ကုန်သွယ်ရေးဖြတ်တောက်ခံထားရမှုကြောင့် စက်သုံးဆီလုပ်ငန်းရှင်များက မြဝတီမြို့အတွင်း ဆီပြတ်လပ်မှုမဖြစ်စေရန် မှောင်ခိုတင်သွင်းနေဆဲဖြစ်သည်။

    “တစ်ချို့အိမ်စီးကားတွေဆို မဲဆောက်ကနေ ခိုးဝယ်လာပြီး တစ်ဆင့် ပြန်ရောင်းတယ်။ အချို့ဆီဆိုင်တွေကလည်း မှောင်ခိုတင်သွင်းလာကြတယ်။ မှောင်ခိုးသွင်းတော့ ဆီကလည်း မပြတ်တော့ဘူး။ ဆီဆိုင်တွေလည်း ပြန်ဖွင့်နေပြီး”ဟု ဆီဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယာဉ်မောင်းသူများအပါအဝင် ဒေသခံတို့ပြည်သူတို့က စက်သုံးဆီများကို မှောင်ခိုဈေးကွက်မှတစ်ဆင့် ဝယ်ယူရရှိနေသည့်အတွက် သွားလာရေးအဆင်ပြေလာသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နှင့် ဖုတ်ဖရရဲတပ်ဖွဲ့တို့က မြဝတီမြို့ဘက်သို့ မှောင်ခိုတင်သွင်းရန် စက်သုံးဆီတင်ဆောင်လာသည့် ယာဉ် ၆ စီးကို ထိုင်း- မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရ(Phop Phra)မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

    မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်ပြီး လူနေထူထပ်သည့်မြို့ဖြစ်သည်နှင့်အညီ မော်တော်ကားနှင့် ဆိုင်ကယ်စီးနင်းမှုများသည့်အတွက် စက်သုံးဆီလိုအပ်ချက်များသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

    မြန်မာဘက်တွင် ပြီးခဲ့သည့်ဩဂုတ်လ ၁၈ ရက်နေ့မှစကာ မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ( ၂ ) ချစ်ကြည်ရေးတံတားကို စစ်ကော်မရှင်က တစ်ဖက်သတ်ပိတ်ဆို့လိုက်သည့်အပြင် ဘားအံမြို့မှ မြဝတီသို့ တင်ပို့မည့်ကုန်ပစ္စည်းနှင့် စက်သုံးဆီများကို ကန့်သတ်ပိတ်ဆို့ထားခြင်းကြောင့် မြဝတီမြို့တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းလည်း မြင့်တက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts