Homeသတင်းဝါဒဖြန့်စာတိုများကို ဖုန်းအသုံးပြုသူများ မကြာခဏလက်ခံရရှိနေ

ဝါဒဖြန့်စာတိုများကို ဖုန်းအသုံးပြုသူများ မကြာခဏလက်ခံရရှိနေ

-

ပြည်တွင်းဖုန်းဆင်းကဒ် အသုံးပြုသူအများစု ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်မှစပြီး သက်ဆိုင်ရာအော်ပရေတာမှတဆင့် PDF များကိုဖိတ်ခေါ်ကြောင်း ပေးပို့သည့်စာတိုများကို မကြာခဏ လက်ခံရရှိနေသည်ဟု ဖုန်းအသုံးပြုနေသူများထံမှ သိရသည်။

“နိုင်ငံအကျိုးလက်တွဲဖော်ဆောင်ဖို့ PDF အမည်ခံများအပါအဝင်လက်နက်ကိုင်အုပ်စုများကို အစိုးရနှင့် တပ်မတော်မှဖိတ်ခေါ်မှု” ဟု ရေးသားပြီး စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်လင့်ခ်နှင့်အတူ ATOM ၊ MPT ၊Mytel ၊Ooredoo မှတစ်ဆင့် အလိုအလျောက်ပေးပို့နေခြင်းဖြစ်သည်။

ပုံ – လက်ကိုင်ဖုန်းတစ်ခုအတွင်း ပေးပို့ထားသည့် စစ်ကောင်စီဝါဒဖြန့်စာတို

မော်လမြိုင်မြို့ခံတစ်ဦးက “ဇူလိုင် ၃၀ တုန်းကတစ်ခေါက်ပဲဝင်လာတယ်၊ ကဒ်အားလုံးကိုပို့နေတယ်၊ လင့်ခ်ကိုဖွင့်ကြည့်တော့ သူတို့ရဲ့ထုတ်ပြန်ချက် ၆ ချက်ပါ စာစောင်ကိုပဲတွေ့ရတယ်၊ စစ်ကော်မရှင်ကပို့ခိုင်းတယ်ထင်တာပဲ မခိုင်းရင်သူတို့မပို့ပါဘူး၊ ဝါဒဖြန့်နေတာပဲ ” ဟု ပြောသည်။

ထို့အပြင် ဝါဒဖြန့်သတင်းစာများ၊ ရုပ်သံလိုင်းများနှင့် တယ်လီဂရမ်ချန်နယ်များတွင်လည်း PDF တပ်ဖွဲ့များ အလင်းဝင်ရောက်မှု၊ ဘက်ပြောင်းခိုလှုံမှုသတင်းများလည်း ဆက်တိုက်ဖော်ပြလာသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တော်လှန်ရေးသမားများကို အလင်းဝင်ရန် လှုံ့ဆော်သည့်သဘောမျိုးဖြင့် လက်တွဲရန်ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

“အဓိကကတော့အလင်းပြန်ဝင်ဖို့ဆိုတဲ့ကိစ္စရပ်ကိုပြောထားတာဖြစ်တယ်၊စကစက ရွေးကောက်ပွဲကို အကောင်အထည်ဖော်တော့မယ်ဆိုတော့ နယ်မြေဒေသတည်ငြိမ်အေးချမ်းဖို့လိုတယ်၊ ဟိုးအရင်နည်းအတိုင်းပဲ PDF အကြောင်း စာတိုပို့ရင်အချင်းချင်းသွေးကွဲတဲ့ပုံစံဖြစ်အောင် လုပ်တဲ့သဘောတွေပဲ ” ဟု ၎င်းကပြောသည်။

တော်လှန်ရေးကာလ ကြာမြင့်လာသည်ကို အခွင့်ကောင်းယူ၍ ယခင်နည်းအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အခြားတော်လှန်ရေးအဖွဲ့စည်းအချင်းချင်းကြား သွေးကွဲစေသည့်ပုံစံဖြစ်စေရန် ဝါဒဖြန့်ချိရေးလုပ်ဆောင်သည့်သဘောသာ ဖြစ်သည်ဟုလည်း ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို ပြည်သူများအပါအဝင် တော်လှန်ရေးအင်အားစုများက ယုံကြည်မှုမရှိကြောင်းနှင့် လက်တွဲသွားမည်မဟုတ်ကြောင်းလည်း တော်လှန်ရေးအင်အားစုဘက်မှ ပြောဆိုထားကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်မှ (၃၀) ရက်အထိ (၁၄) ရက်အတွင်း TNLA ၊DPLA၊ MDY-PDFနှင့် ရွာငံ PDF အဖွဲ့တို့မှ တပ်မတော်ထံ အလင်းဝင်လာသူ (၁၃၀)ဦးအထိ ရှိနေသည်ဟုလည်း စစ်ကောင်စီမှ လူမှုကွန်ရက် ပလက်ဖောင်းများတွင် ဖော်ပြထားသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts