Home သတင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအတွက် ပေါင်ရာမညမြေစင်တာမှ အခမဲ့အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအတွက် ပေါင်ရာမညမြေစင်တာမှ အခမဲ့အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် လူငယ်များအတွက် အခမဲ့အင်္ဂလိပ်စာသင်တန်းကို ပေါင်ရာမညမြေစင်တာမှ လာမည့် သြဂုတ် ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း Ramonnya Land English Learning Centre ၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါသင်တန်းတွင် အဓိကဘာသာရပ်အနေဖြင့် Social studies၊ Presentation skill၊ English 4 skill နှင့် ကွန်ပျူတာဘာသာရပ်ဆိုင်ရာများကို ၃ လတာ သင်ကြားပေးသွားမည်ဖြစ်သဖြင့် ၁၂ တန်း ဖြေဆိုအောင်မြင်ထားသည့် လူငယ်များ မိမိတို့အားလပ်ချိန်အတွင်း လာရောက်တက်ရောက်နိုင်သည်ဟု စင်တာတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဓါတ်ပုံ – Ramonnya Land English Learning Centre

“ အခမဲ့ပါပဲ စာအုပ်ဖိုးနဲ့ အင်္ကျီဖိုးတွေပဲပေးရတာရှိတယ်၊ အခြားနယ်ကသူတွေ လာတက်တာတော့မရှိသေးဘူး၊ သင်ပြီးတော့ပြန်တာပဲများတယ်၊ ပေါင်ကကလေးတွေနဲ့ ဇင်ကျိုက်ဘက်ကကလေးတွေ လောက်ပဲလာတက်ပြီးတော့ပြန်ကြတယ် ”ဟု ပြောသည်။

ယခင်နှစ်များတွင် ရပ်ဝေးမှလာရောက်တက်ရောက်သူမရှိသဖြင့် ယခုနှစ်တွင်လည်း ရပ်ဝေးများအတွက် နေထိုင်စရာနေရာများ အထူးတလည် ပြင်ဆင်ဆောင်ရွက်ထားခြင်းမရှိဟု ဆက်ပြောသည်။

ကွန်ပျူတာဘာသာရပ်ဆိုင်ရာအတွက် ပစ္စည်းလိုအပ်ချက်အပေါ်မူတည်၍ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သင်တန်းကို ပေါင်မြို့၊ ကဒါရပ်ကွက်၊ ရာမညနိကာယ ကဒါတိုက်ကျောင်းတွင်ဖွင့်လှစ်ထားပြီး တက်ရောက်လိုသူများ Romonnya Land English Learning Center စာမျက်နှာမှတစ်ဆင့် စတင်စာရင်းပေးသွင်းနိုင်ပြီးဖြစ်သည်။

မော်လမြိုင်မြို့ပေါ်တွင် အင်္ဂလိပ်စာသင်တန်းနှင့် အခြား Learning Centre များ များပြားလာသည့်နောက် ဒေသတွင်းဖွင့်လှစ်ထားသည့် သင်တန်းများတွင် တက်ရောက်မည့်လူငယ်များ နည်းပါးသွားကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ ၂၀၁၉တုန်းကဆို အယောက် ၆၀ အထိရှိသည်၊ မနှစ်ကတော့ ၁၀ ယောက်ပဲရှိတယ်။ ဘာလို့ဆို ကျောင်းကအောင်စာရင်းထွက်ပြီးမှဖွင့်တယ်ဆိုတော့ နောက်ကျတယ်၊ မော်လမြိုင်မြို့ပေါ်တွေမှာ center တွေများတယ် အားလပ်ရက်တွေမှာမိဘတွေက အဲ့မှာအပ်ထားတာရှိကြတယ် အဲ့တာကြောင့်ဖြစ်မယ်” ဟု ပြောသည်။

ပေါင်ရာမညမြေစင်တာမှ ၂၀၁၈ ခုနှစ်မှစ၍  တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့်ကျောင်းသားလူငယ်များအတွက် အခမဲ့အင်္ဂလိပ်စာသင်တန်း၊ နွေရာသီမွန်စာပေသင်တန်းနှင့် ကျောင်းသားလူငယ်များလိုအပ်သည့် Social Studies များကိုလည်း နှစ်စဉ် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.